သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာတစ်ဦး တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.4k

သန့်မြတ်ခိုင်၊ ချစ်အိလှိုင်
စစ်တွေ၊ မတ် ၄ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာတစ်ဦး တွေ့ရှိထားကြောင်း သတင်းရရှိသည်။

၄င်းလူနာမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ အသက်(၂၉)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

သူသည် ထိုင်းနိုင်ငံတွင်အလုပ်လုပ်၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နှာစီးခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ် အောင့်ခြင်း၊ ဖျာနာခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပေါ်လာသည့်အတွက် မတ်လ ၂ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် စစ်တွေဆေးရုံတွင် သီးသန့် လူနာ တစ်ဦးအဖြစ် တင်ထား ရကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမြင့်ဝင်းက နိရဥ္စရာသို့ ပြောသည်။

“ဒီဟာကို ကျနော်တို့က သီးခြားပဲ၊ ကျန်တဲ့လူနာတွေနဲ့ ရောမထားဘဲ သီးခြားထားတယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုပံ့ပိုးမှု ကျနော်တို့လုပ်ပေးထားတယ်။ အဲတော့ သူက ကိုရိုနာဗိုင်းရပ်စ် Positive လား၊ Negative လားဆိုတဲ့ဟာတော့ နှာခေါင်း တို့ပတ်နဲ့ အာခေါင်တို့ပတ်ကို မနေ့က ရန်ကုန်ကို ပို့ထားတယ်။ အဲဒီကအဖြေရမှ ကျနော်တို့သိရမယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင် လူနာ၏အနေအထားမှာ ထိုးဆေးများထိုးထားသည့်အတွက် အဖျားလည်းကျလာပြီး ချောင်းဆိုးခြင်းများလည်း သက်သာလာကြောင်း၊ လူနာက မောခြင်းမရှိဘဲ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ကြောင်း၊ ဆိုးဆိုးဝါးဝါးပုံစံမျိုးမရှိကြောင်း ဒေါက်တာ မိုးမြင့်ဝင်းက ပြောသည်။

အဆိုပါလူနာအား စောင့်ကြည့်လူနာ (PUI)အဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူစစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါရောဂါသည် ရောဂါပိုးရှိသည့်အသားများကိုစားသုံးမိရာမှ ကူးစက်နိုင်ပြီး လူလူချင်း ဆိုလျှင်လည်း ချောင်းဆိုးမိသည့်လေမှတဆင့်ကူးစက်နိုင်သလို ခန္ဓာကိုယ်မှ ထွက်သည့်အရည်နှင့် ချွေးများမှတဆင့်လည်း ကူးစက်နိုင်ကြောင်း သိရသည်။

“အဓိက လက်ကိုခဏခဏဆေးဖို့နော်။ ကိုယ်ကိုတိုင်က ချောင်းဆိုးတယ်ဆိုရင် နှာခေါင်းစည်း တပ်ဖို့လိုတယ်။ ချောင်းဆိုးရင်လည်း အုပ်ပြီးတော့ ဆိုးဖို့။ လူစည်ကားတဲ့နေရာတွေမသွားဖို့။ လူအပုံလိုက်အကျင်းလိုက်ရှိနေတဲ့အထဲမှာ တစ်ယောက်ပါလာရင် အကုန်လုံးကူးသွားမယ်။ ဆိုတော့ အဲဒီနေရာတွေကိုရှောင်ရမယ်။ အဓိက အဲဒါပါပဲ”ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမြင့်ဝင်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်(ခေါ်) ဝူဟန်ရောဂါသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါရောဂါကြောင့် ယနေ့ မတ်လ ၃ ရက်နေ့နံနက် ၉ နာရီအချိန်အထိ တစ်ကမ္ဘာလုံးတွင် နိုင်ငံပေါင်း ၇၆ နိုင်ငံရှိ ၉ဝ၉၂ဝ ဦးထံ ရောဂါကူးစက်ခံရပြီး ယင်းအနက် ၃၁၂၃ ဦးသေဆုံးသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂ ရက်နေ့၊ ညနေ ညနေ (၆) နာရီအချိန်အထိ အဆိုပါေ ရာဂါနှင့် ပတ်သက်ပြီး သံသယရှိလူနာ (၅) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက် ရှိသည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

----------------------------------

Unicode:












ဆက်စပ် သတင်းများ