ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင် ကိုဗစ်ရောဂါပိုးရှိသူတစ်ဦး တွေ့ရှိထားသော်လည်း စည်းကမ်းတင်းကျပ်မှုမရှိသေး၍ ဒေသခံများ စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၂၄ /၂ဝ၂ဝ

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ကိုဗစ်ရောဂါပိုးရှိသူတစ်ဦး တွေ့ရှိထားသော်လည်း စည်းကမ်းတင်းကျပ်မှု မရှိသေး၍ ဒေသခံများ စိုးရိမ်နေမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ယမန့်နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၈ နာရီ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ စစ်တွေမြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုတွင် ကော်ရန်တင်း ဝင်နေသည့် ဘင်္ဂလာဒေရှ့်မှ ပြန်လာသူ အသက် ၃၈ နှစ်အရွယ်အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိကြောင့် ထုတ်ပြန်ခဲ့ပြီးနောက် စစ်တွေမြို့ရှိ လမ်းမများ၊ စျေးများတွင် ကာကွယ်ထိမ်းချုပ်မှုများ နည်းပါးနေသဖြင့် စိုးရိမ်မိကြောင့် ဒေသခံများက နိရဥ္စရာသတင်းဌာနအားပြောသည်။

စစ်တွေမြို့ မကျည်းမြိုင်စျေးအတွင်းတွင် စျေးရောင်းချသူ ဒေါ်အေးခင်မေက “အရင်နေ့နဲ့ တော့ မတူဘူး။ စျေးဝယ်တဲ့လူနည်းတယ်။ စျေးကိုလာတဲ့ လူတွေမှာ နှာခေါင်းစည်းတပ်တာ သိပ်မတွေ့ရဘူး။ ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုတာကို ကြားတော့ ကြားဖူးတယ်။ ဘယ်လို ရောဂါဆိုတာ ကျွန်မတို့က အဲဒါတွေ သိပ်မသိဘူး။ အဲဒီရောဂါမဖြစ်အောင် လက်စွပ်အိတ်တွေ ဝတ်ရမယ်လို့ကြားတယ်။စိုးရိမ်တာပေါ့။ ကျွန်မတို့မှာ မရှိလို့ ရောင်းစားနေရတာ အဲဒါတွေ ဘယ်ကရမလဲ” ဟုပြောသည်။

စစ်တွေမြို့အပါအဝင် တစ်ခြားမြို့နယ်များတွင်လည်း လက်လုပ်လက်စားအချို့နှင့် အင်တာနက်မရှိသည့် ဒေသများမှ ဒေသခံများကို  ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးမှုများ လိုအပ်ချက်များရှိနေကြောင်း တွေ့ရှိရသည်။

ကုမ္ပဏီအရောင်းဝန်ထမ်းဖြစ်သူ ကိုကျော်ခိုင်က စစ်တွေတွင်တွေ့ရှိရသည့် ကိုဗစ်အတည်ပြုလူနာနှင့် ဆက်စပ်သည့် လူများရှိနိုင်သည့်အတွက် ကြောက်လန့်စိုးရိမ်ပူပန်နေကြောင်း၊ အသွားအလာ ကန့်သတ်ထားသင့်ကြောင့် ၊ တင်းကျပ်သည့် စည်းကမ်းချက်များ ချမှတ်သင့်ကြောင်း ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ရောဂါဖြစ်ပါတယ်။ ရခိုင်ပြည်မှ က ရောဂါကို ကြောက်ရမလား၊ စစ်ကိုကြောက်ရမလား ၊ နှစ်ခုစလုံးအတွက် စိုးရိမ်နေကြရတယ်။ပြီးတော့ မနေ့ကတွေ့တဲ့ လူနာနဲ့ ဆက်စပ်တဲ့ ဆိုင်ကယ်တက္ကစီသမားကို ရှာမတွေ့သေးဘူးလို့ကြားတယ်။တကယ့်ကို အန္တရာယ် များပါတယ်။  သူတို့က မြို့ကို ပတ်လို့သွားနေတာ လူတိုင်းသူ့ဆိုင်ကယ်ကို တက်စီးနိုင်တယ်။ သူ့ကိုလည်း ကျန်းမာရေးဌာနနဲ့ အမြန်ဆုံးဆက်သွယ်စေချင်တယ်”ဟုပြောသည်။

စစ်တွေမြို့တွင် ယနေ့ နံနက်က လမ်းများ၊ စျေးများနှင့် ဆေးရုံကြီးအနီးများတွင် လူသွား၊ လူလာများ ပြားနေကြောင်းတွေ့ရှိရပြီး၊ တင်းကျပ်သည့် အသွားအလာ ကန့်သတ်မှုများ ထားရှိခြင်းမျိုး လုပ်ဆောင် နေခြင်းများ မတွေ့ရှိသေးသဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးအောင်ဇော်ဦးက “သမ္ဗာန် သမားကတော့ မနက်က တွေ့လို့ တိုင်းရင်းဆေးရုံမှာ ကော်ရန်တင်းဝင်ခိုင်းထားပါပြီ။ ဆိုင်ကယ်တက်စီသမားကတော့ မတွေ့သေးပါဘူး။ လူစုခြင်းမစုခြင်းကတော့ မဖြစ်မနေထွက်ရ၊ သွားရတဲ့ လူတွေရှိတဲ့အတွက် ကျွန်တော်တို့ကတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့ ဗဟိုကော်မတီရဲ့ ညွှန်ကြား ချက်အတိုင်း လုပ်ဆောင် သွားရမှာပါ။” ဟုပြောသည်။

ယမန်နေ့ညက စစ်တွေမြို့တွင် တွေ့ရှိသည့်  အသက် ၃၈ နှစ်အရွယ် လူနာအမှတ် (၂၉၂)အတည်ပြုလူနာမှာ စစ်တွေမြို့ခံတစ်ဦးဖြစ်ကာ မောင်တောမြို့နယ်စပ်လုံခြုံဂိတ်မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့က နယ်စပ်ကုန်သွယ်ရေး စိန်ဝင်းအောင် ရေယာဉ်ဖြင့် ဘင်္ဂလာဒေရှ့်နိုင်ငံမှ စစ်တွေမြို့သို့ လှေကြုံ လိုက်ပါ လာသူများဖြစ်ကြောင်း သိရသည်။

၄င်းနှင့်အတူရေယာဉ်ဝန်ထမ်းရှစ်ဦးတို့ပါရှိပြီး စစ်တွေမြို့သို့ ကမ်းကပ်ချိန်တွင် သမ္ဗာန် လှေငယ်ဖြင့် ကမ်းသို့ကူးလာပြီး ဆိုင်ကယ် သုံးဘီးဆိုင်ကယ်ဖြင့် Strand Hotel ကို သွားရောက်ကာ ကော်ရန်တင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ကိုရိုနာ ရောဂါပိုးတွေ့ရှိသည့် လူနာအား စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေပြီး ရေယာဉ်ပေါ်အတူပါလာသူ ရှစ်ဦးနှင့် သမ္ဗာန်သမားတို့အား စစ်တွေမြို့ ဝေသာလီကွင်းရှေ့ တိုင်းရင်းဆေးရုံတွင် စောင့်ကြည့်ထားကြောင်း သိရသည်။


ဆက်စပ် သတင်းများ