သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်နှင့်စစ်တွေတွင် ဇွန် ၂၃နှင့် ၂၄ ရက်နေ့၌ ကိုရိုနာရောဂါပိုးရှိသူနှစ်ဦးရက်ဆင့်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန် ၂၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် စစ်တွေတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးရှိသူနှစ်ဦးကို ဇွန်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်များတွင် ရက်ဆင့်တွေ့ရှိခဲ့သည်။

ယနေ့ပိုးတွေ့ရှိသူ လူနာအမှတ် (၂၉၃) ၏ နေရပ်မှာ ဘူးသီးတောင်မြို့နယ်မှ ဖြစ်သော်လည်း တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ တရားမဝင် ပြန်ဝင်လာသူ ဖြစ်ပြီး မောင်တောမြို့နယ် လှဖိုးခေါင် ပြန်လည် လက်ခံရေး စခန်းတွင် ကွာရန်တင်း ဝင်နေသူ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဇွန်လ ၂၄ ရက်နေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်သည်။  

၎င်းမှာ အသက် ၂၂ နှစ်အရွယ် မူဆလင်အမျိုးသားတစ်ဦးဖြစ်ပြီး အသွားအလာ ကန့်သတ်ထားသူဖြစ်ကာ မောင်တောမြို့ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကုသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်လည်း ဘင်္ဂလာဒေ့ရှ်က ပြန်ဝင်လာသည့် တစ်ဦး၌ ကိုရိုနာ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၂၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းမှာ လူနာအမှတ် (၂၉၂) ဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် ရခိုင်အမျိုးသားတစ်ဦးဖြစ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လာသူဟု သိရသည်။ 

စစ်တွေမြို့ခံတစ်ဦးဖြစ်သူ ၎င်းသည် မောင်တောမြို့နယ်စပ်လုံခြုံရေးဂိတ်မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့က ဘင်္ဂလာဒေရှ့်နိုင်ငံမှ စစ်တွေမြို့သို့  စိန်ဝင်းအောင် ရေယာဉ်ဖြင့် နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်  လမ်းကြုံ လိုက်ပါလာသူဖြစ်ကြောင်း သိရသည်။

၎င်းအား ရေယာဉ်ပေါ်မှ ကုန်းပေါ်သို့ လိုက်ပို့သူ သမ္ဗာန်သမားကိုလည်း လက်ရှိ ကွာရန်တင်း ဝင်ခိုင်ထားပြီး သူ့အားလိုက်ပို့သူ သုံးဘီးဆိုင်ကယ်သမားကိုမူ ရှာဖွေ၍ မတွေ့ရှိသေးကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးအောင်ဇော်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုထားသည်။ 

၄င်းလိုက်ပါလာသည့် ရေယာဉ်ပေါ်တွင် ဝန်ထမ်းရှစ်ဦးပါရှိပြီး စစ်တွေမြို့သို့ ကမ်းကပ်ချိန်တွင် စက်တပ် သမ္ဗာန်ဖြင့် ကမ်းသို့ကူးပြီး သုံးဘီးဆိုင်ကယ်ဖြင့် Strand Hotel ကို သွားရောက်ကာ ကွာရန်တင်း ဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။ 

လက်ရှိတွင် ကိုရိုနာ ရောဂါပိုးတွေ့ရှိသည့် လူနာအား စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေပြီး ရေယာဉ်ပေါ်အတူပါလာသူ ရှစ်ဦးနှင့် သမ္ဗာန်သမားတို့အား စစ်တွေမြို့ ဝေသာလီကွင်းရှေ့ တိုင်းရင်းဆေးရုံတွင် စောင့်ကြည့်ထားကြောင်း သိရသည်။


ဆက်စပ် သတင်းများ