သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင်ကိုရိုနာပိုးတွေ့ရှိသူ ၁၂ ဦးတွင် ၂ ဦးဆေးရုံကဆင်း၊ ယခုရက်ပိုင်းအတွင်းထပ်တိုးလူနာမရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 864

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန်၃ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၂ ဦးအထဲမှ ၂ ဦးမှာ ကျန်းမာရေး ပြန်လည်သက်သာကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ပြီး ကျန်လူနာ ၁ဝ ဦးမှာ စစ်တွေနှင့် မောင်တောခရိုင်တွင် ဆက်လက် ဆေးကုသနေရဆဲ ဖြစ်သည်။

ပြန်လည် သက်သာလာ၍ ဆေးရုံမှ ဆင်းသွားသူ နှစ်ဦးမှာသံတွဲဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သူ  အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ လူနာအမှတ်စဉ် (၁၈၈) နှင့် တောင်ကုတ်မြို့နယ် ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသူ အသက် (၂၅) နှစ်အရွယ် အမျိုးသား လူနာအမှတ်စဉ် ၁၉ဝ တို့ ဖြစ်ကြသည်။ 

ဇွန်လ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်မှ မောင်တောမြို့နယ်လှဖိုးခေါင်စခန်းတွင် ကွာရင်တင်း ဝင်နေသူ အသက် (၂၂) အရွယ် လူနာအမှတ်စဉ် ၂၉၃ တွင် ရောဂါပိုး တွေ့ရှိခဲ့ပြီး နောက်ထပ် ရောဂါပိုးတွေ့ရှိသူ ရခိုင်ပြည်နယ်တွင် ယနေ့ထိ မတွေ့ရှိရသေးပေ။ 

လက်ရှိ လူနာအမှတ် ၂၃၄၊ ၂၄၄၊ ၂၄၇၊ ၂၄၈၊ ၂၆၃၊  ၂၉၁၊ ၂၉၃ တို့မှာ မောင်တော ခရိုင်ဆေးရုံတွင်လည်းကောင်း၊ လူနာအမှတ် ၂၅ဝ၊ ၂၆၂ တို့မှာ ဘူးသီးတောင်မြို့နယ် ဆေးရုံတွင်လည်းကောင်း၊ လူနာအမှတ် ၂၉၂ စစ်တွေဆေးရုံတွင်လည်းကောင်း ဆေးကုသမှု ခံယူနေကြသည်ဟု သိရသည်။ 

ယခုနောက်ပိုင်းတွင် ဘင်္ဂလာဒေ့ရှ်ဘက်မှ ပြန်ဝင်လာသူများ မရှိသလို သံသယရှိသူများကိုလည်း ကွာရင်တင်း ဝင်ခိုင်းထားသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာနှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားထားသည်။ 

” အခု ခိုးဝင်တာ မရှိဘူးဗျ။ အရင်က ခိုးဝင်တဲ့ လူတွေလည်းမိနေတာဘဲ။ ကျွန်တော်တို့က ထိတွေ့ ဆက်ဆံတဲ့လူတွေလည်း ရအောင်ဖော်ထုတ်ပြီးတော့ ကွာရန်တင်းထည့်ထားတယ်။ အခြေအနေက တိုးတက်လာတဲ့ သဘောပါ”ဟု ပြောသည်။

ယခုလက်ရှိ ရောဂါပိုးတွေ့ရှိသူလည်း နောက်ထပ် မတွေ့တော့သဖြင့် မောင်တောတွင် လော့ဒေါင်းချမည့် အစီစဉ်လည်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။


ဆက်စပ် သတင်းများ