သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေဆေးရုံတွင် နောက်ထပ်ကိုဗစ်လူနာတစ်ဦးသေဆုံး၊ ရခိုင်တွင်ကိုဗစ်ကြောင့် သေဆုံးသူ ၃ ဦးရှိသွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၂၃/ ၂ဝ၂ဝ

စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ရောဂါကြောင့် ယနေ့ နံနက်က အမျိုးသား တစ်ဦးသေဆုံးသွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၎င်းရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိသွားပြီဟု သိရှိရသည်။

ယနေ့ နံနက် စစ်တွေဆေးရုံကြီးတွင် သေဆုံးသွားသူမှာ အသက် ၇၁ နှစ် အရွယ် အမျိုးသား လူနာအမှတ် (case - 1605) မှာ ဖြစ်ပြီး ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကွယ်လွန်သွားကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်းက အတည်ပြု ပြောကြားသည်။

သေဆုံးသွားသူမှာ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပြီးခဲ့သောစက်တင်ဘာလ ၇ ရက်နေ့က ဆေးကုသရန် ရောက်ရှိလာပြီး စိုးရိမ်ရသဖြင့် အောက်စီဂျင် အသက်ရှုပိုက်လိုင်းများဖြင့် အထူးကြပ်မတ်ကုသပေးနေရသည်မှာ ၁၁ ရက် ခန့် ကြာမြင့်နေပြီးဖြစ်ကြောင်း၊ ယခုသေဆုံးသွားသူမှာ သက်ကြီးရွယ်အိုတစ်ဦးဖြစ်သော်လည်း ရောဂါအခံရှိသူ တစ်ဦးမဟုတ်ကြောင်း ၎င်းက ပြောသည်။

ကျောက်တော်မြို့ ပြည်သူ့ဆေးရုံတွင်လည်း ကိုဗစ်ကြောင့် အသက် ၆၅ နှစ်အရွယ် လူနာအမှတ် (၆၁၄၁) အမျိုးသမီးတစ်ဦး စက်တင်ဘာ ၁၈ ရက် ည ၈ နာရီ ၁ဝ မိနစ်က သေဆုံးသွားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံတွင် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ကိုဗစ်ရောဂါကြောင့် အသက် ၇၅ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးသွားခဲ့သည်။  

လက်ရှိစစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသူများအနက် ၅ ဦးခန့်ကို အောက်ဆီဂျင်များ ပေးထားရကြောင်း သိရှိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက် ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၆၉၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၁၉၅၁ ဦးနှင့် သေဆုံးသူ ၁၁၆ ဦးအထိရှိကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ