ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်မှပြည်သူများအား သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ထောက်ခံစာပါမှ နယ်ကျော်ခရီးသွားလာခွင့်ပြုမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/ ၂ဝ၂ဝ

ကိုဗစ်ကပ်ရောဂါကြောင့် စစ်တွေမြို့နယ်ရှိ ပြည်သူများအား တခြားမြို့နယ်များသို့ လူစုလူဝေများပြုလုပ်ပြီး သွားလာခွင့်မပြုတော့ကြောင်း၊ ခွင့်ပြုချက်မရှိဘဲ မြို့ပြင်သို့ သွားပါက ကျောက်တန်းစစ်ဆေးဂိတ်မှ ပြန်လှည့်ခိုင်းမည် ဖြစ်ကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဒီဇင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်သောစာတွင် ဖော်ပြထားသည်။

သို့သော်လည်း တခြားမြို့နယ်များသို့၊ ကျန်းမာရေးကိစ္စ၊ လူမှုရေးကိစ္စများ၊ ကိုယ့်ရေးကိုယ်တာကိစ္စများဖြင့် သွားရောက်လိုသူများအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးထံမှ ထောက်ခံစာများတောင်းယူပြီး သွားရောက်နိုင်ကြောင့် စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

“ အခုက ပုဏ္ဏားကျွန်းတို့၊ မြောက်ဦးတို့၊ ကျောက်တော်တို့မှာ လူစုလူဝေးတစ်အား ဖြစ်တာပေါ့။ ဒီကဘုရားဖူးသွားကြတဲ့အခါမှာ လူစုလူဝေးတအားဖြစ်တယ်။ အဲဒါတွေက ကိုဗစ် ကူးစက်ဖို့ ပိုပြီးတော့ အန္တရာယ်ရှိတာပေါ့လေ။ ဒါကြောင့်မို့လို ကျနော်တို့ ထုတ်ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ယခုလိုမျိုးတားမြစ်လိုက်ခြင်းမှာ တခြားမြို့နယ်များတွင် လူစုလူဝေးမဖြစ်ပွားရအောင်အတွက် တားမြစ်ခြင်းသာဖြစ်ပြီး လုပ်ငန်းကိစ္စတစ်ခုခုကြောင့် နယ်ကျော်ပြီးသွားရောက်လိုသူများအတွက်ဆိုလျှင် သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးမှ ထောက်ခံစာရေးသားပေးရမည်ဖြစ်ကြောင်း စစ်တွေမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ လူတွေကလည်း ဘုရားဖူးသွားကြတယ်။ အခုကာလကလည်း ကိုဗစ်ကာလဆိုတော့ အန္တရာယ်ဖြစ်မှာကို စိုးရိမ်တာပေါ့။ ဥပမာ ဘုရားဖူးသွားတာတွေ၊ ခရီးသွားတာတွေကို မဖြစ်စေချင်တဲ့ ဆန္ဒနဲ့တားလိုက်တာဖြစ်တဲ့ သဘောပါ” ဟုပြောသည်။

ယခုလိုမျိုး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ကြေညာချက်အပေါ် လက်ခံကြောင်း ရခိုင် ကိုဗစ်- ၁၉ အန္တရာယ် စောင့်ကြည့်ရေးအဖွဲ့က ကိုဇော်လှိုင်ထွန်းက ပြောသည်။

“ အဓိကတော့ လူစုလူဝေးမဖြစ်တာကတော့ ပိုပြီးတော့ ကောင်းပါတယ်။ အခုက ဆောင်းရာသီဆိုတော့ ဒီရောဂါက ပိုပြီးတော့ ကူးစက်ဖို့ လွယ်တယ်ဆိုပြီးတော့ ဆရာဝန်ကြီးတွေကလည်း သုံးသပ်ထားတာတွေ ရှိတယ်။ တချို့ကလည်း ဘုရားဖူးသွားကြတယ်။ တချို့ကလည်း ပျော်ပွဲ၊ ရွှင်ပွဲတွေ သွားကြတယ်။ ဒါတွေကိုတော့ ကျနော် အနေနဲ့ အပြစ်မြင်တာတော့ မဟုတ်ဘူး။ အဓိကတော့ ထိန်းထိန်းသိမ်းသိမ်းတော့ ဖြစ်စေချင်ပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြီးကတည်းက တိုက်ပွဲဖြစ်ပွားမှုများမရှိသဖြင့် စစ်တွေမြို့နယ်အပါအဝင်၊ ပေါက်တော၊ မင်းပြားမြို့နယ်တို့မှ ဒေသခံများသည် မြောက်ဦး၊ကျောက်တော်၊ ပုဏ္ဏားမြို့နယ်တို့တွင် ရှိသော တန်ခိုးကြီးဘုရားများသို့ လူစုလူဝေများပြုလုပ်ကာ သွားလာနေကြသည်ကို တွေ့ရှိရသည်။

စစ်တွေမြို့နယ်မှ ခရီးသွားလာသူများအနေဖြင့် သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ ထောက်ခံစာမပါရှိလျှင် ကျောက်တန်းဂိတ်နှင့် ရေယာဉ်ဂိတ်များရှိ စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးပြီး ပြန်လည်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် တစ်နေ့ထက် တစ်နေ့ သေဆုံးမှုများလာနေရာ ယခုအခါ သေဆုံးသူ လူပေါင်း ၃၄ ဦးရှိသွားပြီဖြစ်သည်။

ရခိုင်တပြည်နယ်လုံးတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၈၄၈ ဦးရှိခဲ့ပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၃၅၆၂ ဦး ရှိခဲ့ကြောင်း ရခိုင်ကိုဗစ်စောင့်ကြည့်လေ့လာရေးအဖွဲ့၏ စာရင်းအရသိ်ရသည်။

ဆက်စပ် သတင်းများ