သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမှ စစ်ရှောင်စခန်းဖွင့်ထားသည့်ဘုန်းတော်ကြီးကျောင်းတစ်ခုမှ ဆရာတော်ထံတွင် ကိုဗစ်ပိုးတွေ့ရှိပြီး နောက်ထပ်ကိုရင်တစ်ပါး၌ ထပ်တွေ့၍ စစ်ဘေးရှောင်များအတွက် စိုးရိမ်စရာဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/၂ဝ၂ဝ

စစ်ဘေးရှောင်စခန်းဖွင့်လှစ်ထားသည့်  စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ဆုတောင်းပြည့် ကျောင်းတိုက် ဆရာတော်ထံ၌ ဒီဇင်ဘာ ၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ၃ ရက်အကြာ ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် နောက်ထပ် ကိုရင်တစ်ပါးထံတွင် ကိုဗစ် ပိုးထပ်မံတွေ့ရှိသဖြင့် စစ်ဘေးရှောင်များအတွက် စိုးရိမ်စရာ ဖြစ်နေသည်ဟု သတင်းရရှိသည်။

နောက်ထပ် ကိုဗစ်ပိုးတွေ့သည် ကိုရင်မှာ သက်တော်(၁၇)ခန့်ဖြစ်သည်။  သက်တော် (၇၇) နှစ်ရှိပြီဖြစ်သည့် ကျောင်းထိုင်ဆရာတော်၌ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးနောက်  ၎င်းကိုရင်တွင် ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

၄င်းကျောင်းတိုက်မှ စာချပုဂ္ဂိုလ် ဦးအဂ္ဂပဏ္ဍိက “ကျောင်းကို လော့ဒေါင် ချပြီးတော့ ဆရာတော်နဲ့ အနီး ကပ်နေသူတွေကို ထပ်စစ်ရာကနေ တွေ့တာပါ။ စစ်ဘေးရှောင်တွေကတော့ သူတို့နေရတာက လူအများ တစ်နေရာတည်းမှာ စုနေရတာဆိုတော့ စိုးရိမ်နေကြတာပေါ့” ဟု နိရဥ္စရာသတင်းဌာနကို မိန့်ကြားသည်။

ဆရာတော်၌ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဘုန်းကြီးကျောင်းရှိ နီးစပ်သူကိုရင်၊ ဦးပဇင်းများနှင့် စစ်ဘေးရှောင် ၃ဝ ဦးခန့်ကို  စစ်ဆေးခဲ့ရာ ကိုရင်တွင် ပိုးတွေ့ရှိခဲ့သည်ဟု သိရသည်။

“ ဆရာတော်ကတော့ ဒီနေ့ဆေးရုံက ဆင်းမယ်လို့ သတင်းကြားထားတယ်။ ကိုရင်လေးလည်း ဆေးရုံမှာပါ” ဟု ဆက်မိန့်ကြားသည်။

၄င်းစစ်ဘေးရှောင်များမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ လာရောခိုလှုံနေကြသူများဖြစ်ပြီး  စုစုပေါင်း ၁၂၂ ဦးခန့်ရှိကြောင်း ဦးအဂ္ဂပဏ္ဍိက ဆက်မိန့်သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းအား လက်ရှိတွင် လော့ဒေါင် ချထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးဝင်းပိုင်အား အဆိုပါ စစ်ဘေးရှောင်များ နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်၍ ကိုဗစ်ကာကွယ်မှုအစီစဉ်များနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

စစ်တွေဆေးရုံကြီးတွင် ယနေ့ နံနက်အထိ ကိုဗစ်အတည်ပြုလူနာ ၁၃၆၉ ဦးရှိခဲ့ကာယင်းအထဲမှ ၁၃၅ဝ ဦးမှာဆေးရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ၊ လက်ကျန် ၁၉ ဦးတွင် အောက်ဆီဂျင်ပေးထားရသူ ၇ ဦးခန့်ပါရှိကြောင်း စစ်တွေဆေးရုံအုပ်ဒေါက်တာဇော်လွင်၏ လူမှုစာမျက်နှာ ဖေ့စ်ဘုတ်မှ ထုတ်ပြန်ချက် အရသိရသည်။


ဆက်စပ် သတင်းများ