ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကိုဗစ်ကြောင့် ရန်ကုန်တွင် အလုပ်အဆင်မပြေ၍ ရခိုင်နေရပ်ပြန်များလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 949

ဇော်ဝင်းဌေး (ငခူချောင်း)

နိရဉ္စရာ၊ ဒီဇင်ဘာ၂၂/ ၂၀၂၀

ရန်ကုန်တွင် အလုပ်လာလုပ်ကြသည့် ရခိုင်အမျိုးသား/ အမျိုးသမီးများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘ၀ ရပ်တည်ရေး အဆင်မပြေရာမှ ရခိုင်နေရပ်ဒေသသို့ ပြန်သူများ တစ်နေ့ထက် တစ်နေ့များလာနေကြောင်း သတင်းရရှိသည်။

အမ်းမြို့မှ ရန်ကုန်တွင် အလုပ်လာရောက်လုပ်ကိုင်နေသူ မခင်ရဝေက ကိုဗစ်ရောဂါကြောင့် စက်ရုံ အလုပ်ရုံများ ပိတ်ထားသဖြင့် ငွေကြေးအခက်အခဲရှိလာပြီး နေရေးထိုင်ရေး အကျပ်အတည်း ဖြစ်လာသဖြင့် ရခိုင်ရှိ မိဘများထံသို့ ပြန်ရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားသည်။

 ကိုဗစ်နဲ့ အလုပ်တွေက ပုံမှန်မလည်ပတ်တော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေးက အစ အခက်အခဲ ဖြစ်လာပါတယ်။ ဒါကြောင့်မို့ နေရပ်ပြန်ဖို့ လုပ်နေပါတယ်ဟု ပြောကြားသည်။

 အလုပ်အကိုင်အခက်အခဲကြောင့် ရခိုင်သို့ ပြန်လိုသူများနေပြီး ဆက်တိုက်ပို့ဆောင်နေရကြောင်း သူတို့အတွက် အဆင်ပြေရန် ဘတ်စ်ကား ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးနေကြောင်း လေး၀တီကုလရက္ခိတအသင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုဗျာလက ပြောသည်။

  အလုပ်တွေကလည်း ဖွင့်လိုက်ပိတ်လိုက်ဆိုတော့ လစာတွေက အရင်ကလို မရကြဘူး။ စားစရိတ်နဲ့ အဆောင်ခ ပေါင်းလိုက်ရင် တစ်သိန်းကျော်လောက် ပေးကြရတယ်။ ဒါကြောင့်မို အိမ်ပြန်ချင် နေကြတာပါ။ အရင်လည်း ကျွန်တော်တို့ အသင်းအနေနဲ့ လူပေါင်း ၅၀၀ ကျော် ဘတ်စ်ကား ခရီးသည်တင်ကားတွေနဲ့ ရခိုင်ကို ပို့ပြီးပြီ။ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ခရီးသည်တွေကို ပိုပေးနိုင်အောင် စီစဉ်ထားပါတယ်။ အိမ်ပြန်မယ့် လူတွေကို အတတ်နိုင်ဆုံး ပို့ပေးရမှာက ကျွန်တော်တို့ တာဝန်ပါ ဟုပြောသည်။ 

 ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်နေကြရသည့် ရခိုင်အများအပြား ရန်ကုန်တွင် ရှိနေပြီး ရခိုင်သို့ ပြန်ရန် လမ်းခရီးပိတ်ထားသဖြင့် အခက်အခဲရှိနေ၍ သူတို့ပြန်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေကြောင်း  ဦးကိုအေးမောင်က ပြောသည်။

 ကျွန်တော်တိုကတော့ ရခိုင်ကိုပြန်မယ့် လူတွေအားလုံးကို ပြန်နိုင်အောင် စီစဉ်ပေးပါတယ်။ ကိုဗစ်ကြောင့် အလက်မဲ့ဖြစ်နေကြပြီး စားဝတ်နေရေး အခက်အခဲရှိနေကြတဲ့ အိမ်ပြန်ဖို့ ဆန္ဒ ရှိသူတွေကို ပြန်နိုင်အောင် ကူညီပေးပါတယ်။ တချို့က ရန်ကုန်မှာ အလုပ်လက်မဲ့ ဖြစ်ပြီးတော့ အဆောင်ခပေးဖို မတတ်နိုင်တာတွေရှိလာနေတယ်။ တချို့ကိုဆိုရင် အိမ်မပြန်သေးခင် တစ်ရက်၊ နှစ်ရက် ကြိုတင်ပြီးတော့ ထမင်းကျွေးထားရတာတွေရှိတယ်။ ခရီးသည်တွေက လိုက်ချင်တဲ့ စိတ်ဆန္ဒနဲ ှစ်နာရီ သုံးနာရီ ကားဂိတ်ကို စောရောက်လာကြတာတွေရှိတယ်။ လူတိုင်းလိုလိုက ခုအချိန်မှာ ကိုယ်မွေးရာဇာတိ ရခိုင်ကို ပြန်ချင်နေကြပါတယ်ဟု ၎င်းက ပြောကြားသည်။

ယမန်နေ့  ဒီဇင်ဘာ(၂၁) ရက်နေ့ကလည်း  ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနနှင့် ရခိုင်အရပ်ဖက်အဖွဲ ့အစည်းများ ပူးပေါင်းပြီး  ပဥ္စမ ကြိမ်အဖြစ် အမြန်ကား (၁၁) စီးဖြင့် ခရီးသည်ဦးရေ (၅၅၀) ကျော်ကို ရခိုင်သို့ပို့ဆောင်ခဲ့ကြောင်း ပြောကြားသည်။

အဆိုပါခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မှ မြို့နယ် (၁၀)ခုအပြင် ပလက်ဝမြို့နယ်မှ ဒေသခံများလည်း ပါဝင်ကြောင်း သိရပြီး ကားခမတတ်နိုင်သော ခရီးသည် ၃၅ ဦးကို အခမဲ့ စီးနင်းခွင့် ပေးခဲ့ကြောင်း သိရှိရသည်။

 ကိုဗစ်ရောဂါဖြစ်ပွားနေပြီး အလုပ်အကိုင်နှင့် စားဝတ်နေရေး အဆင်မပြေသောကြောင့် နေရပ်ပြန် ရခိုင် သုံးထောင်ကျော်လောက်ရှိသွားပြီ ဖြစ်ကာ နောက်ထပ် လူပေါင်း တစ်သောင်းကျော်လောက် အိမ်ပြန်ချင်နေသည့် ဆန္ဒရှိနေကြသည်ဟု  ဦးကိုအေးမောင်က ဆက်ပြောသည်။

ဆက်စပ် သတင်းများ