သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့မ ရဲစခန်းတွင် အချုပ်သား ၄ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က အချုပ်သား ၄ ဦး၌ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။  

ထိုသိို့ တွေ့ရှိခဲ့ပြီးနောက် ရဲတပ်သားများအပါအဝင် လူ ၃ဝ ခန့် ကွာရန်တင်းဝင်ခိုင်းထားရကာ အချုပ်ခန်းကို လော့ဒေါင်းချလိုက်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှူး ရဲမှူးသန်းနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကွာရန်တင်းဝင်ရတာ ရဲတပ်သားတွေလည်းပါတယ်။ သူတို့က တော့ တိုက်ရိုက်ထိတွေ့တာမဟုတ်ပေမယ့် အချုပ်သားတွေရဲ့ အိမ်က လာပို့တဲ့ ပစ္စည်းတွေကို ကိုင်တွယ်ရတဲ့အတွက်ပါ။ အချုပ်သားတွေနဲ့ အကုန်လုံးက အစိတ်သုံးဆယ်လောက် ကွာရန်တင်းဝင်ရတာပေါ့။ အချုပ်ခန်းကိုလည်း လော့ဒေါင်းချလိုက်ပါပြီ” ဟု ပြောသည်။

၄င်းတို့ လေးဦးတွင် ပိုးတွေ့ရှိပြီးနောက် သံတွဲဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်၍ သံတွဲဆေးရုံအုပ်အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရာ ၄င်းအချုပ်သားများမှာ သံတွဲဆေးရုံတွင် ဆေးကုသမှုခံယူနေသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြုသည်။

“ ပိုးတွေ့လူနာတွေကိုတော့ ဒီကိုပို့လာတယ်။ ထိတွေ့ဖူးသူတွေကိုတော့ တောင်ကုတ်ဆေးရုံကပဲ တာဝန်ယူပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော့ဆီမှာကျတော့ ဒီဟာက ခရို်င်ဖြစ်တော့ ရဲတပ်ဖွဲ့ လုံခြုံရေး အင်အားပိုကောင်းတယ်လေ။ ဆိုတော့ ဒီဖက်ကို ခေါ်ထားတာပေါ့” ဟုပြောသည်။

ပိုးတွေ့လူနာများနှင့်ထိတွေ့ဖူးသူများအား တောင်ကုတ်မြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ယူကာ ဆေးစစ်ချက်များ ပြုလုပ်ပေးနေကြောင်းသိရသည်။

ဆက်စပ် သတင်းများ