သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ကြောင့် အချိန်အကန့်အသတ်ဖြင့်သာဖွင့်ခွင့်ရခဲ့သည့် ရခိုင်ပြည်နယ်က မြို့မစျေးကြီးများအား ပုံမှန်ပြန်လည်ရောင်းချခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3k

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဥ္စရာ ၊ ဇန်နဝါရီ ၃ / ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မြို့အသီးသီးရှိ မြို့မစျေးကြီးများအား ဇန်နဝါရီ ၁ရက်မှ စတင်ကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုံမှန်ပြန်လည်ရောင်းချခွင့်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ခဲ့သော စစ်တွေမြို့မစျေးအား အချိန်ပြည့် ပြန်လည် ဖွင့်လှစ် ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စစ်တွေစည်ပင်အရာရှိ ဦးတင်မင်းဇော်က နိရဥ္စရာသို့ပြောသည်။
“အရင်တုန်းကတော့ အချိန်အကန့်အသတ်နဲ့ဘဲ ဖွင့်လှစ်တာပါ။ ခုတော့ အချိန်ပြည့် ဖွင့်လှစ်ခွင့် ရပါပြီ” ဟု ပြောသည်။

အချိန် အကန့်အသတ်ဖြင့် ဖွင့်လှစ်ခဲ့သော တောင်ကုတ်မြို့မ စျေးကြီးကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပုံမှန်ပြန်လည်ဖွင့်လိုက်ပြီ ဖြစ်ကြောင်း တောင်ကုတ်စည်ပင်သာယာရေး ဥက္ကဋ္ဌ ဦးဖိုးကျော့က ပြောကြားသည်။

“ ကိုဗစ်ကာလဖြစ်တဲ့ အတွက်ကြောင့် ယခင်က မဖြစ်မနေရောင်းချနေတဲ့ ဆေးဝါးတို့၊ စားသောက်ဆိုင်တို့ ဖွင့်လှစ်ခွင့်ရကြပေမယ့် ကျန်တဲ့ အထည်ဆိုင်တို့၊ အလှကုန်ဆိုင်တို့ ဖွင့်လှစ်ခွင့်မရကြပါဘူး။ ဒါပေမယ့် ဇန်နဝါရီလ ၁ရက်နေ့ကတည်းက အားလုံးဖွင့်ခွင့်ရကြတယ်။ ပုံမှန်အတိုင်းဆိုရင် မနက် လေးနာရီကနေ ညနေ ခြောက်နာရီ ထိဖွင့်လှစ်ကြတာပါ” ပြောသည်။

စျေးများ ပုံမှန်ပြန်လည်ဖွင့်လှစ်ခွင့် ရပြီဖြစ်သောကြာင့် ကိုဗစ်ရောဂါမပြန့်ပွားစေရန် ပညာပေး ဆိုင်းဘုတ်များ အသိပညာပေးမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဦးဖိုးကျော့က ဆက်ပြောသည်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသော တောင်ကုတ်လူငယ်ကွန်ရက်( Taungoke Youth Network) မှ ဥက္ကဋ္ဌ ကိုမင်းကိုဦးက တောင်ကုတ်မြို့မစျေးကြီးကို အချိန်ပြည့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုပြီး ဖြစ်ကြောင်းပြောသည်။

“ ကိုဗစ်ကြောင့် အချိန်အကန့်အသတ်နဲ့ဘဲ ဖွင့်လှစ်တာပါ။ နောက်ပြီးတော့ အဝတ်အထည်ဆိုင်တွေ ဖွင့်လှစ်ခွင့် မရကြဘူး။ ဟင်းသီးဟင်းရွက်ဆိုင်တွေကျတော့ ဖွင့်ခွင့်ရကြပါတယ်။ ခုဆိုရင်တော့ အဝတ်အထည် ဆိုင်တွေလည်းဖွင့်လှစ်ခွင့် ရနေပါပြီ။ ကိုဗစ်ကာလဆိုတော့ အားလုံးက အကျပ်အတည်းရောက်နေတဲ့အချိန် ခုလိုပြန်လည်ဖွင့်လှစ်ခွင့်ရတော့ဝမ်းသာပါတယ် ” ဟုပြောသည်။

မြို့မစျေးအား ပြန်လည်ဖွင့်လှစ်ခွင့်ရပြီဖြစ်သဖြင့် ဒေသခံများ၏ အကျပ်အတည်း ပြန်လည်အဆင်ပြေလာနေပြီး စျေးများသွားသည့် အခါ Mask တွေ တပ်ပြီးသွားကြဖို့ လိုအပ်ကြောင်းလည်း ကိုမင်းကိုဦးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ အခြားမြို့များ ဖြစ်ကြသည့် ကျောက်ဖြူ၊  မာန်အောင်၊ သံတွဲ၊ မြောက်ဦးတို့တွင်လည်း မြို့မ စျေးကြီးများကို  ပုံမှန်ပြန်လည်ဖွင့်လှစ်ခွင့် ရြ့ပီးဖြစ်ကြောင်း စည်ပင်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မြို့မစျေးကြီးများသည် ဒေသခံပြည်သူများ၏ အဓိကအားထားရာ စျေးများဖြစ်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  လမ်းညွှန်ချက်များနှင့်အညီ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ ပုံမှန်ပြန်လည် ရောင်းချခွင့်ပြုလိုက်ပြီးကြောင်း စည်ပင်အရာရှိများနှင့် ဒေသခံများပြောကြားချက်အရ သိရသည်။
 
 Credit : IPRD Taungup

ဆက်စပ် သတင်းများ