သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေဆေးရုံကြီး၌ ကိုဗစ်လူနာ၂ ဦးသာကျန်၊ ရခိုင်တပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာ ၅၆ ဦးသာကျန်ရှိတော့ဟုသိရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.7k

အိမ်စိုးဖြူ
နိရဥ္စရာ၊ဇန်နဝါရီ၉/ ၂ဝ၂၁

ယနေ့ ဇန်နဝါရီ ၉ ရက်နေ့အထိ ရခိုင်ပြည်နယ်မြို့တော်စစ်တွေဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦးသာ ကျန်ရှိပြီး ရခိုင် တစ်ပြည်နယ်လုံး၌ ကိုဗစ်လူနာ ၅၆ ဦးသာ ဆေးရုံများတွင် ဆေးကုသမှုခံယူ၍ ကျန်ရှိတော့ကြောင်း ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်က “ ရခိုင်မှာ အခုလက်ရှိ ၅၆ ဦးသာကျန်ရှိတော့တယ်။ လောလောဆယ် လူနာမရှိတဲ့ဆေးရုံတွေ ရှိတယ်။ ကျွန်တော် အလွတ်တော့မရဘူးဖြစ်နေတယ်။ ကိုဗစ်က ပြည်သူလူထုတွေ နှာခေါင်းစည်း(mask) တပ်လို့လား၊ ဘယ်လိုပဲဖြစ်ဖြစ်လေ။ ကျွန်တော်တို့ မနေ့ကဆိုရင် ၈၁၄ ယောက်စစ်တယ်။ အဲဒီထဲမှာ ၅ ယောက်ပဲ ပိုးတွေ့တယ်” ဟု သူကပြောသည်။

မြို့နယ်တစ်ချို့၏ ဆေးရုံများတွင် ကိုဗစ်လူနာ မရှိတော့သော်လည်း  လူနာ လုံးဝ ကင်းစင် သွားသည်မျိုး မဟုတ်ပဲ ပြင်ပတွင် ရောဂါလက္ခဏာမပြပဲကူးစက်ခံရမှန်းမသိသူများ ရှိနေနိုင်ကြောင်း၊ သို့အတွက် ကျန်းမာရေး အသိအပါအဝင် သတိထားပြီးလက်ကိုင်ထားနေထိုင်ကြရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

“ ခုလို ပိုးတွေ့နူန်း ကျဆင်းသွားတာ ကျွန်တော်လည်း တိတိကျကျတော့ ပြောဖို့မတတ်ဘူးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ ကျန်းမာရေး အသိပညာပေးမှုတွေကို လိုက်နာစောင့်ထိန်းပြီး နေထိုင်ဖို့ လိုအပ် နေသေးတယ်” ဟုဆိုသည်။ရခိုင်ပြည်နယ်၏ အဓိက ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့သည့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက်အထိ ကိုဗစ်အတည်ပြုလူနာ ၂ ဦးသာကျန်ရှိတော့ကြောင်း၊ ၄င်းလူနာ ၂ ဦးလုံးမှာ စိုးရိမ်စရာမရှိသည့် လူနာများ ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ဒေါက်တာဇော်လွင်က ပြောသည်။

“ဆရာတို့ဆီမှာက ကိုဗစ်လူနာ တဖြည်းဖြည်းလျှော့နေတာ ကြာပါပြီ။ ကိုဗစ်မဟုတ်တဲ့လူနာတွေကို ပိုပြီးတော့ ကုသနိုင်တာပေါ့။ တခြားလူနာတွေကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးတဲ့အခါမှာ ပိုပြီးတော့ ကောင်းလာတယ်။ ဒါပေမယ့် ကိုဗစ် ၁၉ လူနာလျှော့နေတယ်ဆိုပေမယ့် ဂရုစိုက်ဖို့တော့ မလျှော့စေချင်ဘူး” ဟုပြောသည်။

ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကိုဇော်လှိုင်ဌေးကလည်း ရောဂါပိုးရှိသူနည်းပါးလာခြင်းနှင့် ပတ်သက်၍ ကူးစက်ခံရသူများအား မတွေ့ရှိသေးခြင်းဖြစ်နိုင်သလို၊ ကြိတ်ပြီးကုသနေကြသူများလည်း ရှိနေနိုင်သည့်အတွက် ယခုကဲသို့ ကိုဗစ်လူနာနည်းလာခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“ကိုဗစ်လူနာတွေက နည်းလာတယ်။ မတွေ့သေးတာလည်း ဖြစ်နိုင်တယ်။ အိမ်ထဲမှာ ကြိတ်ပြီးကုနေတာလည်း ဖြစ်နို်င်တယ်။ အဓိကကတော့ နှာခေါင်းစည်းတပ်သွားကြဖို့လိုတယ်။ ထိမ်းမနိုင် သိမ်းမရ အခြေအနေ ဖြစ်လာမှ ဆေးရုံရောက်မှ အဖြေတစ်ခုသိရတာပေါ့။ ကြိတ်ကုတာတွေရှိရင် နောက်ဆက်တွဲက မလွယ်ဘူး” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ နံနက်အထိ ကိုဗစ်ကူးစက်ခံခဲ့ရသူ ၄၁၈၅ ဦးရှိခဲ့ပြီး လက်ရှိ ၅၆ ဦးသာကျန်ရှိသည်။ ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ် ၁၉ ကြောင့်  သေဆုံးသူ ၃၆ ဦးအထိရှိခဲ့သည်။

ဆက်စပ် သတင်းများ