သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတပ်နယ်ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၄/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အမှတ်(၁၇) ကုတင် ၁ဝဝ တပ်နယ်ဆေးရုံတွင် ယနေ့ နံနက်က ကိုဗစ် အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက်(၅၆)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ရခိုင်ကိုဗစ် ၁၉ စောင့်ကြည့်လေ့လာရေး အဖွဲ့ မှသိရသည်။

ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက “ ကျွန်တော်တို့လည်း တပ်ထဲက သတင်းတော့ တိုက်ရိုက်မရဘူး။ အခုလည်း စစ်တွေဆေးရုံက တဆင့်ခံသိရတာပါ။ တပ်မတော်သားလား၊ မိသားစုဝင်လားတော့ မသိနိုင်ဘူး” ဟုပြောသည်။

အဆိုပါ တပ်နယ်ဆေးရုံမှ ယနေ့ သေဆုံးသည့် ကိုဗစ်အတည်ပြုလူနာအပြင် လွန်ခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကလည်း အသက် (၂၃)နှစ်အရွယ် လူနာတစ်ဦးသေဆုံးခဲ့ကြောင်း ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

သို့အတွက်စစ်တွေတပ်နယ် ခုတင် ၁ဝဝ ဆံ့ဆေးရုံတွင် ကိုဗစ်အတည်ပြု လူနာ သေဆုံးသူ ၂ ဦးရှိပြီဟု သိရသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်အားဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၁၉ ဦးရှိနေပြီး ရခိုင်တစ်ပြည်နယ်လုံးတွင်  ၃၇ ဦထိ ရှိသွားပြီဟု သိရသည်။

ဆက်စပ် သတင်းများ