သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် စာရင်းများကောက်ယူလျက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 6.7k

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅ / ၂၀၂၁

ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်းများ စတင်ကောက်ယူလျက် ရှိကြောင်း သိရသည်။

ရခိုင်ရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အသက် ၆၅ နှစ် အထက်ရှိသူများ စာရင်းကို ကောက်ခံခဲ့ပြီး လက်ရှိ အသက် ၁၈ နှစ် အထက်ရှိသူများ၏ စာရင်းကို ကောက်ယူနေပြီဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဉ္စရာသို့ ပြောသည်။

" ဒုတိယအကြိမ် ထိုးနှံမှာပါ။ စာရင်းတွေက ကောက်ယူနေကြပါပြီ။ အားလုံးတော့ မပြီးစီးသေးဘူး" ဟု ပြောသည်။

ဒုတိယအကြိမ် ထိုးနှံမည့်သူများ၏စာရင်းကို ကောက်ယူလျက်ရှိသော်လည်း ထိုးနှံပေးမည့် အရေအတွက်နှင့် နေ့ရက်များကို အတိကျမပြောနိုင်သေးကြောင်း ၄င်းကဆက်ပြောသည်။

မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဒေါက်တာနုကေသီစံက " စာရင်းတွေကတော့ ကောက်ပြီးသွားပါပြီ။ ကျန်တဲ့လူတွေလည်း စာရင်းလာပေးလို့ ရပါသေးတယ်။ ၁၈ နှစ်အထက်ရှိသူတွေစာရင်းကို ကောက်ယူထားပါပြီ"ဟု ပြောသည်။

မောင်တောမြို့နယ်တွင် အသက် ၆၅ နှစ်အထက်ရှိသူများစာရင်းကိုလည်း ကောက်ယူထားပြီး ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
မောင်တောမြို့နယ်တွင် ပထမအကြိမ်၌ ကိုဗစ်ကာကွယ် ဆေးထိုးနှံ ပေးခဲ့သူအရေအတွက် ၁၉၀ ဦး ခန့် ရှိသည်ဟု သိရသည်။

ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်ရှိ ကျန်းမာရေး ဝန်ထမ်းပေါင်း ၄၄၀၀ ကျော်ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်ဖြစ်ပွားသူ ၄၂၆၄ ဦးနှင့် သေဆုံးသူ (၃၇) ဦးအထိ ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ