- Web Master
- ၀၄ မေ ၂၀၂၃
နိရဉ္စရာ၊ မေ ၂၅/ ၂၀၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မူဆလင်ဒုက္ခသည်များနေထိုင်ရာ စခန်းများတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တိုးလာနေကြောင်း သတင်းရရှိသည်။
ယမန်နေ့ တနင်္လာနေ့က ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၁၁၆ ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ထိုအထဲတွင် မြန်မာပြည်မှ မူဆလင်ဒုက္ခသည် ၄၀ ဦး ပါဝင်သည်ဟု ဘင်္ဂလီဘာသာဖြင့် ရေးသားသည့် Ukhiya News တွင် သတင်းဖော်ပြသည်။
မေ ၂၄ ရက် (တနင်္လာနေ့)က ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၇၅၂ ဦးအား စစ်ဆေးခဲ့ရာလူပေါင်း ၁၁၆ ဦးမှာ Positive ဖြစ်ပြီး လူပေါင်း ၆၃၆ ဦးမှာ Negative ဖြစ်ကြောင်း ကော့စ်ဘဇားဆေးကောလိပ် ဒုပါမောက္ခ Mohammad Shahjahan Nazir က အတည်ပြု ပြောကြားသည်ဟု ဆိုသည်။
မေ ၂၄ ရက်နေ့ အထိ ကော့စ်ဘဇားခရိုင်တစ်ခုတည်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၉၇၃၂ ဦးရှိပြီး သေဆုံးသူမှာ ၁၀၇ ဦးရှိကြောင်း၊ သေဆုံးသူ ၁၀၇ ဦးအထဲတွင် မြန်မာမှ မူဆလင်ဒုက္ခသည် ၁၃ ဦးသေဆုံးခဲ့သည်ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။
မေ ၂၃ ရက်နေ့ကလည်း ကော့စ်ဘဇားခရိုင်တွင် လူပေါင်း ၉၉ ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ထိုအထဲမှ ၄၉ ဦးမှာ မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များဖြစ်ကြောင်း ၎င်း Ukhiya News တွင် မေ ၂၄ ရက်နေ့က သတင်းဖော်ပြထားသည်။
ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်နှင့် တက်ကနက် မြို့နယ်တွင် မြန်မာမှ မူဆလင် ဒုက္ခသည်စခန်း ၃၄ ခုရှိပြီး ထိုအထဲမှ ကိုဗစ် ၁၉ ပိုး အများဆုံးတွေ့ရှိသည့် စခန်း ၅ ကို ပထမဆုံး ၁၂ ရက်ကြာ လော့ဒေါင်းချထားသည်ဟု သိရသည်။
မေ ၂၁ ရက်နေ့ထိ မူဆလင် ဒုက္ခသည် စခန်း ၃၄ ခုမှ ဒုက္ခသည်ပေါင်း ၉၁၃ ဦးမှာ ရောဂါပိုး (Positive) တွေ့ရှိခဲ့ပြီး ယနေ့ မေ ၂၅ ရက်တွင် ၁၀၀၀ ကျော်သွားပြီဟု သိရသည်။