စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 10k


ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၄/ ၂၀၂၁
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး(Sinopharm)ကို ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား စတင်ထိုးနှံပေးနေပြီဟု ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောသည်။
“နယ်စပ်ကုန်သွယ်ရေးစခန်းကို ပထမ ဦးစားပေး စထိုးနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းက လှေသမား၊ အလုပ်သမားတွေကို ထိုးနှံနေတာပါ။ ဒုတိယဦးစားပေးအနေနဲ့ကတော့ အရင်တစ်ခေါက်တုန်းက ထိုးဖို့ကျန်နေခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ကာကွယ်ဆေးထိုးပေးဖို့ ရှိပါတယ်။” ဟုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစတင်ထိုးနှံနေခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၁၄ ရက်နေ့အထိ လူပေါင်း (၂၀၀)ခန့်ကို ထိုးနှံထားပြီဟုလည်း ဆိုသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးမှ လူငယ်စီးပွားရေး လုပ်ငန်းရှင် ကိုအောင်နိုင်စိုးက “ကာကွယ်ဆေးမထိုးတဲ့လူက တစ်ဖက်နိုင်ငံကို သွားလို့မရဘူးလို့ ကြားတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဘက်မှာလည်း ကိုဗစ်ပိုးတွေတွေ့နေတယ်ဆိုတော့ ကာကွယ်ဆေးထိုးပြီး သွားတာကောင်းတာပေါ့။ နောက်ထပ်လည်း ဒီထက်ပိုပြီး ကိုဗစ်ကာကွယ်ဆေးတွေကို ထိုပေးဖို့ မျှော်လင့်ပါတယ်။ တစ်ဘက် နိုင်ငံကို ကုန်သွယ်ဖို့သွားတော့ အဲဒီဘက်မှာလည်း ကိုဗစ်ပိုးကူးစက်မှုတွေကိုကြားတော့ မိသားစုတွေလည်း စိုးရိမ်မှုတွေဖြစ်ပါတယ်။” ဟု ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း စတင်အသုံးပြု ထိုးနှံပေးနေသည့် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးသည် ပထမတစ်ကြိမ်ထိုးလျှင် ရောဂါကူစက်နိုင်ခြေမှ ၃၅ % အထိကာကွယ်နိုင်ပြီး နှစ်ကြိမ်ထိုးပြီးပါက (၇၅%) အထိ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ ရခိုင်ပြည်နယ်သို့ နောက်ထပ်ရောက်ရန် ရှိနေပြီး ရောက်ရှိလာမည့် ဆေးလုံးအရေအတွက်နှင့် အချိန်ကို မသိသေးကြောင်း ဒေါက်တာကြည်လွင်က ဆိုသည်။

ဆက်စပ် သတင်းများ