စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် ဒေသန္တရအမိန့် မလိုက်နာသူ နောက်ထပ် ၂ ဦးအား ထောင်ဒဏ် ၁ လစီချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.6k


သဥ္ဇာနွယ််
နိရဥ္စရာ၊ စက်တင်ဘာ ၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ကိုမလိုက်နာဘဲ အပြင်ထွက်သူ ၂ ဦးအား ဖမ်းဆီးပြီး ထောင်ဒဏ် ၁ လစီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ထောင် ၁ လစီချမှတ်ခံလိုက်ရသူတို့မှာ ဧရာဝတီတိုင်းဒေသကြီး၊ တောင်ကလေးကျေးရွာ၊ ကညင်တိုက်ကျေးရွာအုပ်စု၊ လေးမျက်နှာမြို့နယ်မှ အသက် ၅၉ နှစ်အရွယ် အမျိုးသား (၁)ဦးနှင့် ဂွမြို့နယ် ဒေါင်းချောင်းကျေးရွာအုပ်စု ချင်းကွင်းကျေးရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသား(၁)ဦးတို့ဖြစ်သည်။
၎င်းတို့ကို ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာ၊ ဂွ-ငါးသိုင်းချောင်းကားလမ်းမပေါ်တွင် စက်တင်ဘာလ ၂ ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၃ ရက်တွင် ရာကြီးအမှတ်(၁၃၂/၂၀၂၁) ရာဇသတ်ကြီးပုဒ်မ -၁၈၈ ဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လစီချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရ၏ ယမန်နေ့ စက်တင်ဘာလ ၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ်လ ၂၈ ရက်ကလည်း ဒေသန္တရအမိန့်ကို လိုက်နာမှုမရှိခဲ့သည့် ဂွမြို့နယ် ရဟိုင်းကူးတို့ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် ဂွမြို့ကို ခေတ္တရောက်ရှိနေသည့် ဧရာဝတီတိုင်းဒေသကြီး ဒေါင်ချောင်းကျေးရွာမှ အမျိုးသား (၂)ဦးတို့ကိုလည်း ဖမ်းဆီးကာ အလုပ်မဲ့ ထောင်ဒဏ် (၁)လအသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။
ယခုအခါ ဂွမြို့နယ်အတွင်း ဒေသန္တရအမိန့်ထုတ်ပြန်ထားမှုကို လိုက်နာမှုမရှိ၍ ဖမ်းဆီးထောင်ချခံထားရသူ (၅)ဦးအထိ ရှိလာနေပြီဖြစ်သည်။
ဂွမြို့နယ် ဇီးကုန်းကျေးရွာဒေသခံတစ်ဦးဖြစ်သူ ဦးမောင်ငယ်က “ဒီလိုဖမ်းဆီးတာက တစ်ဖက်ကလည်း မလိုက်နာလို့ဖမ်းတာ ဟုတ်ပါတယ်။ ဒါပေမဲ့ လက်လုပ်လက်စားတွေအတွက်ကတော့ အမိန့် မလိုက်နာတာမျိုးမဟုတ်ဘဲ ဝမ်းရေးအတွက် ထွက်တာမျိုးလည်းရှိတယ်။ တစ်ဖက်ကလည်း ကောင်းသလို တစ်ဖက်ကလည်း မကောင်းဘူးပေါ့ဗျာ။”ဟု ပြောသည်။
ဂွမြို့နယ်သည် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်၌ ကိုဗစ်ရောဂါကူးစက်မှုအများဆုံးမြို့နယ်ဖြစ်လာသည့်အတွက် နံနက် ၅ နာရီမှ နေ့လယ် ၁၂ နာရီအထိသာ အပြင်ထွက်ကြရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ဒေသန္တရအမိန့်ကို သြဂုတ်လ၂၅ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ခဲ့သည်။
လက်ရှိ ဂွမြို့နယ်တွင် စက်တင်ဘာလ ၅ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၈၆၆ ဦးနှင့် သေဆုံးသူ ၂၁ ဦးထိရှိလာနေပြီဖြစ်ပြီး ရခိုင်တွင် ရောဂါကူးစက်မှု အများဆုံးမြို့နယ်ဖြစ်နေဆဲဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ