စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေလေဆိပ်အဝင် ခရီးသည်များကို ရှောင်တခင်စစ်ဆေးရာတွင် တစ်ဦး၌ ကိုဗစ်ပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 645

သန္တာကျော်ဇော
စစ်တွေ၊ စက်တင်ဘာ ၇ / ၂ဝ၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လေကြောင်းဖြင့်လာရောက်သည့် ခရီးသည်များကို ယနေ့ ကိုဗစ်ပိုးရှောင်တခင်စစ်ဆေးရာတွင် သံတွဲမှလာသည့် ခရီးသည့်တစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ရှိသူမှာ ဂွမြို့နယ်မှ အသက် ၄၁ နှစ်ခန့်ရှိသည့် ခရီးသည်အမျိုးသမီးတစ်ဦးဖြစ်ပြီး သံတွဲလေဆိပ်မှ လိုက်ပါလာသူဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကို အတည်ပြုပြောကြားသည်။
“အခုတွေ့တာက လေဆိပ်မှာရှောင်တခင် စစ်ဆေးတုန်းတွေ့တာပေါ့နော်၊ သူကဂွကလာတာ သံတွဲလေဆိပ်ကနေစီးလာတာပေါ့နော်”ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေတွင် ကိုဗစ်-19 မျိုးရိုးဗီဇပြောင်းလဲလာသည့် Delta မျိုးစိတ်ပိုးရှိသူ ၁ ဦးတွေ့ပြီးနောက် စစ်တွေမှ ရန်ကုန်သို့သွားမည့် လေကြောင်းခရီးသည်များကို စက်တင်ဘာ ၅ ရက်မှစတင်ကာ ကိုဗစ်ပိုးစစ်ဆေးနေခြင်းဖြစ်သည်။
စစ်တွေရှိ အခြား လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုကမူ “ရန်ကုန်က လာတဲ့သူတွေကိုတော့ အရင်က စစ်တာမရှိသေးဘူး။ ဒီနေ့ ရှောင်တခင် လောလောဆယ် စစ်လိုက်တာဖြစ်တဲ့အတွက် တွေ့တာလေ”ဟု ပြောသည်။
စက်တင်ဘာ ၅ ရက်နေ့ကလည်း ရန်ကုန်သို့လိုက်ပါမည့်သူများကို စစ်တွေမြို့ လေဆိပ်တွင် ကိုဗစ်ပိုး စစ်ဆေးခဲ့ရာ ခရီးသည် ၂ ဦး၌ ကိုဗစ်ပိုး တွေ့ရှိကြောင်း သိရသည်။
တွေ့ရှိသူများမှာ အသက် ၃ဝ ကျော်ခန့်ရှိသည့် ခရီးသည် အမျိုးသား (၂)ဦးဖြစ်ပြီး တစ်ဦးမှာ ဗမာ၊ နောက်တစ်ဦးမှာ ရခိုင်ဟု သိရသည်။
စစ်တွေလေဆိပ်တွင် ယခု ကိုဗစ်ပိုးစစ်ဆေးနေမှုကို အခကြေးငွေတစ်စုံတစ်ရာ ပေးဆောင်ရန် မလိုဘဲ စစ်ဆေးနေခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က နိရဥ္စရာကို ပြောဆိုထားသည်။
စစ်တွေတွင် ယခုတွေ့ရှိထားသည့် ကိုဗစ်-19 မျိုးရိုးဗီဇပြောင်းလဲလာသည့် Delta မျိုးစိတ်ပိုးသည် ကူးစက်နှုန်းနှင့် သေဆုံးနှုန်း ယခင်ကထက် ပိုမိုပြင်းထန်ပြီး အချို့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အကျိုး အာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ Delta မျိုးစိတ်ပိုးကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခု အချိန်တွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ