သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တော ကရုဏာကွန်ရက်အသင်းပိုင် လူမှုကူညီရေးကား ၈ စီး ရပ်နားမည့်မြေနေရာမရှိ၍ အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 886

နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၁၀/ ၂၀၂၁
ရခိုင်ပြည်နယ် မောင်တောမြို့မှ ကရုဏာကွန်ရက်အသင်းပိုင် လူမှုကူညီရေးကား ၈ စီးကို ရပ်နားမည့်မြေနေရာမရှိ၍ အခက်အခဲဖြစ်နေရကြောင်း သိရသည်။
ကားရပ်နားမည့် မြေနေရာမရှိ၍ ကားများကို လက်ရှိတွင် မောင်တောဆေးရုံ၊ ကြံ့ခိုင်ရေးရုံးနှင့် လမ်းဘေးများတွင် ရပ်နားထားရကြောင်း ကရုဏာကွန်ရက်အသင်းဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“အခုလောလောဆယ် ထားမဲ့နေရာမရှိလို့ Ambulance ကား ၃ စီးနဲ့ နိဗ္ဗာန်ယာဉ်တစ်စီးကို ဆေးရုံမှာထားတယ််၊ နောက် Ambulance ကား ၁ စီးကို ကြံ့ခိုင်ရေးရုံးမှာထားတယ်။ Hi-jet ကား ၁ စီးကိုတော့ လမ်းဘေးမှာ ထားရတယ်။ ကျနော့်အိမ်နားက လမ်းဘေးပါ။ မှာထားတဲ့ Ambulance ကားတစ်စီးက လမ်းမှာလာနေတုန်းပါ။ တစ်ပတ်လောက်ကြာမှ ရောက်မှာပါ။ အောက်ဆီဂျင် ကွန်ဆန်ထရိတ်တာ ၃ လုံး၊ ဆေးဖြန်းစက် အကြီးတစ်လုံး၊ စက်အငယ်က ၅ လုံးရှိပါတယ်။ နောက် PPE တွေ၊ လက်သန့်ဆေးတွေ၊ mask တွေထားမဲ့နေရာလည်း မရှိတော့ အိမ်မှာပဲ ဖိညှပ်ပြီး ထားနေရပါတယ်။” ဟုပြောသည်။
ကားများထားမည့် လုံခြုံသည့်နေရာမရှိ၍ ကားဘက်ထရီအိုးများ အခိုးခံရမှုများလည်း ရှိခဲ့သည်ဟု ပြောသည်။
“ကျနော်တို့ ကားထားမဲ့နေရာမရှိလို့ Ambulance ကားတစ်စီးကို ဆေးရုံမှာ မထားခင် လမ်းဘေးမှာထားပါတယ်။ လမ်ဘေးမှာထားတော့ ဘက်ထရီအိုးတွေကို ခိုးပါတယ် အမြဲတမ်း၊ နောက် နိဗ္ဗာန်ယာဉ်တစ်စီးကလည်း ဆေးရုံရဲ့ အနောက်ဆုံးမှာထားရပါတယ်။ အနောက်မှာထားလို့ ဘက်ထရီအိုး ၃ ခါအခိုးခံရပါတယ်။ ဒီတော့ ဘက်ထရီအိုးကို ကားရှေ့ခန်းမှာ သော့ပိတ်ပြီးတော့ ထားပါတယ်။ ဘေးကမှန်ကိုခွဲပြီးတော့ အထဲက ဘက်ထရီအိုးကိုခိုးသွားတယ်။ စပယ်ယာတာယာတွေကိုခိုးသွားတယ်။ အဲလို အခက်အခဲတွေနဲ့ အရမ်းကြုံနေရပါတယ်။” ဟု ကိုချစ်ထူးခိုင်က ပြောသည်။
မြေကွက်လိုအပ်သည့်ကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက စာတင်ထားပြီး လွန်ခဲ့သည့်ရက်ပိုင်းက မြို့နယ်ထွေ/အုပ်ရုံးမှ ပြည်နယ် ထွေ/အုပ်ရုံးသို့ တင်ထားလိုက်ပြီဟုသိရကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ကလည်း မောင်တောမှာ အစိုးရတွေနဲ့လည်းပူးပေါင်းပြီးတော့ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မြေနေရာလေးတစ်ခုကို ဌာနဆိုင်ရာကပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် မြေနေရာလေးရအောင် လုပ်ပေးစေချင်ပါတယ်။ အစိုးရကမဟုတ်ရင်တောင်မှ မြေကွက် အလှူရှင်တွေရှိရင်တော့ ပိုကောင်းတာပေါ့နော်။” ဟု ပြောသည်။
မောင်တော ကရုဏာကွန်ရက်အသင်းသည် မောင်တောတွင် နာရေးကိစ္စ၊ ဆေးရုံမှအိမ်သို့ လူနာတင်/ပို့၊ မရှိဆင်းရဲသားများကို ဆေးကုသခွင့်ရအောင် ဆေးရုံမှသော်လည်းကောင်း၊ ပြင်ပ NGO များကိုသော်လည်းကောင်း ချိတ်ဆက်ပြီး အလှူရှင်ရအောင် ကူညီလုပ်ပေးခြင်းနှင့် အရေးပေါ်သွေးလိုအပ်လျှင်လည်း လိုအပ်သည့်သွေးအမျိုးအစားကို အကူအညီရအောင် ကူညီပေးနေသည့်အသင်းဖြစ်သည်။
အဆိုပါအသင်းကို အသင်းသား ကျား ၂၀ ဦးနှင့် မ ၅ ဦး၊ စုစုပေါင်း ၂၅ ဦးဖြင့် ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။
Photo - မောင်တောမြို့နယ် ကရုဏာကွန်ရက်အသင်း

ဆက်စပ် သတင်းများ