- Web Master
- ၀၄ မေ ၂၀၂၃
အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာလ ၁၇/၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စက်တင်ဘာ ၁၇ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံးသွားသည့်အတွက် ဒေသခံများအနေဖြင့် ကိုဗစ်ဖြစ်ပါက အိမ်တွင် ကြိတ်မကုကြရန် သံတွဲဆေးရုံအုပ်ဒေါက်တာရဲဝင်းထွန်းက နိရဥ္စရာကိုပြောသည်။
"ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံးဆေးကုသမှုပေးနေတာပါပဲ။ ဒီကာလမှာ နံပါတ်တစ် အနေနဲ့ ကိုယ့်ကိုယ်ကို သံသယရှိတယ်ဆိုရင် ဆေးရုံဆေးခန်းကိုတော့ အမြန်ရောက်လာစေချင်တယ်။ နောက်တစ်ချက်က နယ်အဝေးကဆိုလည်း လက်လှမ်းမီနိုင်တဲ့အနေအထားမှာ အရင်ဆုံး ပြသသင့်တယ်ပေါ့။ ကိုယ့်အိမ်မှာတော့ ကြိတ်မကုနေစေချင်ဘူး။ အောက်ဆီဂျင်တွေ အရမ်းကျနေတဲ့အခါမှ ကျွန်တော်တို့ဆီရောက်လာတဲ့အခါမှာ အတတ်နိုင်ဆုံးကုပေးပေမဲ့ ဆုံးရှုံးမှုတွေတော့ရှိတာပေါ့"ဟုပြောသည်။
သံတွဲတွင် ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းအတွင်းတွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူတို့တွင် ရောဂါအခံရှိသည့် သက်ကြီးပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်သည်ဟု သံတွဲဆေးရုံအုပ်ဒေါက်တာရဲဝင်းထွန်းက ပြောသည်။
"သံတွဲမြို့နယ်ထဲကပဲ သံတွဲမြို့နဲ့နည်းနည်း အလှမ်းကွာတဲ့နေရာတွေကပေါ့။ အသက်ကတော့ ၆ဝကျော်အရွယ်အမျိုးသားတစ်ယောက်၊ ၇၀ ကျော် နဲ့ ၈၀ ကျော်အရွယ် အမျိုးသမီး နှစ်ယောက်ပါ။ ဆီးချို၊ သွေးတိုးရောဂါအခံလည်းကြတယ်"ဟု ပြောသည်။
လက်ရှိ သံတွဲမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၃၉ ဦးရှိသွားပြီဖြစ်ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၂ဝ ကျော်ရှိသည်ဟု သူက ဆက်ပြောသည်။
ရခိုင်တစ်ပြည်လုံးတွင်ဆိုလျှင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၄၆၃၄ ဦးနှင့် သေဆုံးသူ ၄၃၅ ဦးထိရှိကြောင်း ပြည်နယ်အစိုးရက စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။