ဘူးသီးတောင်တွင် ကိုဗစ်ကြောင့် ကိုယ်ဝန်သည် တစ်ဦးသေဆုံး


မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၃/၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ်ကြောင့် ကိုယ်ဝန်သည်တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသွားသွားသည့်ကိုယ်ဝန်သည်မှာ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုမှ အသက် ၃၁ နှစ်အရွယ် ကိုယ်ဝန် ၇ လလွယ်ထားရသူဖြစ်သည်။
သူမသည် ရောဂါအခံမရှိဘဲ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ရောဂါကို နှစ်ရက်ကြာကုသမှုခံယူပြီးနောက် အောက်တိုဘာလ ၃၁ ရက်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက နိရဥ္စရာသို့ ပြောသည်။
“သူကတော့ ဖျားနေတာ ၁၀ ရက်လောက်ရှိနေပြီ။ ချောင်းဆိုးနေတာကတော့ ၁၅ ရက်လောက်ရှိပြီတဲ့။
ကျနော်တို့ဆီကို ရောက်လာတဲ့အချိန်မှာတော့ အသက်ရှူကျပ်ပြီးရောက်လာတာ။ နှစ်ရက်လောက်ဆေးကုသပြီး နောက်တစ်နေ့မနက်မှာ သေဆုံးသွားတာဖြစ်တယ်”ဟု ပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်အတူ သူမ၏မိသားစုဝင် ၄ ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့သည် ဘူးသီးတောင်ဆေးရုံတွင် တက်ရောက်ကုသခံယူလျက်ရှိကာ ကျန်းမာရေးအခြေအနေကောင်းမွန်နေကြသည်ဟု သူက ဆက်ပြောသည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ကိုယ်ဝန်ဆောင် ၅ ဦးရှိသွားပြီဟု သိရသည်။
၎င်းတို့မှာ စက်တင်ဘာလ ၇ ရက်ကလည်း ဂွမြို့နယ်ဆေးရုံကြီးတွင် အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်(၇)လ အမျိူးသမီး ၁ ဦး၊ ဇူလိုင်လ ၂၉ ရက်နေ့က မောင်တောဆေးရုံတွင် ကလေးမီးဖွားပြီးနောက် နာရီပိုင်းအတွင်းသေဆုံးခဲ့သူ ၁ ဦး၊ ဇူလိုင်လ (၂၈) ရက်နေ့က စစ်တွေ ဆေးရုံကြီးတွင် ပေါက်တောမြို့ဇာတိ ကိုယ်ဝန်(၈)လနှင့် မိခင်တစ်ဦးနှင့် ဇူလိုင်လ ၂၅ ရက်နေ့ မင်းပြားမြို့ဆေးရုံကြီးတွင် အသက်(၂၈)နှစ် အရွယ် ကိုယ်ဝန်(၅)လနှင့် တစ်ဦးတို့ဖြစ်ကြသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားခဲ့သည့် မေလ ၁၂ ရက်မှစ၍ နိုဝင်ဘာလ ၁ ရက်အထိ ကိုဗစ်ပိုးတွေ့သူ ၅၁၀၄ ဦး၊ သေဆုံးသူ ၄၉၃ ဦးနှင့် ဆေးရုံတွင်ကုသဆဲလူနာ ၄၄ ဦး ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

Share: