တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ရှိ လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းကိုယခုနှစ်မကုန်မီ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျန်းမာရေးဌာနစီစဉ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅/၂၀၂၁
ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းကို ယခုနှစ်မကုန်မီ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကိုပြောသည်။
"ကျွန်တော်တို့က ၅ဝ ရာခိုင်နှုန်းလောက်ကို ဒီနှစ်မကုန်ခင်မှာ cover မိချင်တာ။ အဲ့ဒီအတွက် စီစဉ်ဆောင်ရွက်နေပါတယ်"ဟု ပြောသည်။
ရခိုင်တွင် အသက် ၁၈ နှစ်အထက် လူဦးရေ ၁၈ သိန်းခွဲခန့်ရှိသည့်အနက် လက်ရှိတွင် ၇ သိန်းခန့်ကို ကာကွယ်ဆေးထိုးနှံထားပြီဖြစ်၍ ၄ဝ ရာခိုင်နှုန်းခန့် ထိုးပြီးသွားပြီဟု ဆက်ပြောသည်။
ရခိုင်တွင် အိန္ဒိယနိုင်ငံထုတ် COVIDSHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်ထိုးနှံခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovic အမျိုးအစားများကို ထိုးနှံပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်၌ အသက် ၄ဝ နှစ်နှင့်အထက်ကို ကာကွယ်ဆေးထိုးရန် စာရင်းများ စတင်ကောက်ခံနေပြီဟုလည်း သိရသည်။
ရခိုင်တွင် ယခုအခါ ကိုဗစ်ရောဂါဖြစ်ပွားမှုလျော့ကျနေပြီး ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်ကဆိုလျှင် ကိုဗစ်ကူးစက်ခံရသူနှင့် ကိုဗစ်ကြောင့်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
ကိုဗစ်တတိယလိုင်းအတွင်း နိုဝင်ဘာ ၂၄ ရက်အထိ ရခိုင်တွင် ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း ၅၁၅၉ ဦး၊ သေဆုံးသူစုစုပေါင်း ၄၉၇ ဦးနှင့် ဆေးရုံတက်ရောက်ကုသဆဲလူနာ ၂၇ ဦးသာကျန်ရှိတော့ကြောင်း ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ် သတင်းများ