ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တွင် အိုမီခရွန်ပိုးကူးစက်မှုများရှိလာနေ၍ လေကြောင်းအပြင် ရေကြောင်းနှင့် ကားဂိတ်များတွင်ပါ ကိုဗစ်ပိုးစစ်ရန် ပြည်နယ်ကောင်စီ ညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၉/ ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် အိုမီခရွန်ကိုဗစ်ပိုးကူးစက်မှုရှိလာနေ၍ လေယာဉ်စီးခရီးသည်များအပြင် ရေကြောင်းခရီးသည်များနှင့် ကားဂိတ်များတွင်ပါ ကိုဗစ်စစ်ဆေးပြီးမှ ခရီးသွားကြရန် ပြည်နယ်ကောင်စီက ညွှန်ကြားထားပြီဟု သိရသည်။
ရခိုင်ပြည်နယ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ ကားဂိတ်နှင့် ရေယာဉ်လိုင်းတာဝန်ရှိသူများအား ညွှန်ကြားမှုပြုလုပ်ထားပြီဖြစ်ကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာအား ပြောသည်။
“အရင်တုန်းကဆိုရင် ဆေးနှစ်ခါထိုးပြီးသား ကတ်ပြရင်ပြီးပြီ။ အခုဖြစ်ပြီဆိုရင် ကျွန်တော်တို့ ပြန်တင်းကျပ်တယ်။ အလားတူပဲ ကျွန်တော်တို့ ကားဂိတ်တွေ၊ သင်္ဘောဆိပ်တို့ ဒီနေရာတွေမှာ လိုအပ်လို့ရှိရင် နှာခေါင်းထိုးဖို့၊ စမ်းသပ်ဖို့၊ မဖြစ်မနေနှာခေါင်းစည်းတပ်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်”ဟုပြောသည်။
ပြည်တွင်းရေကြောင်းလိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက လတ်တလောတွင် ညွှန်ကြားချက်တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးသော်လည်း ၎င်းတို့အနေဖြင့် ကိုဗစ်စည်းကမ်းနှင့်အညီ ခရီးသည်များကိုသယ်ယူပို့ဆောင်သွားမည်ဟု ပြောသည်။
ရခိုင်မှ ထွက်ခွာမည့် လေယာဉ်စီးခရီးသည်များကိုမူ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ ကိုဗစ်ပိုးစစ်ဆေးခံနေကြရသည်ဟု သိရသည်။
ရခိုင်တွင် ဖေဖော်ဝါရီလအစပိုင်းမှစ၍ ကိုဗစ်ပိုးတွေ့ရှိမှုများသည် ယနေ့အချိန်အထိ သိသိသာသာ မြင့်တက်လာနေခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင် လေယာဉ်စီးခရီးသည် ၁ဝ ကျော်နှင့် စစ်တွေတက္ကသိုလ်ဝန်ထမ်း ၅ဝ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ယင်းအထဲမှ ၉ ဦး၏ စစ်ဆေးချက်နမူနာကို အိုမီခရွန်ဟုတ်၊ မဟုတ် ရန်ကုန်သို့ပေးပို့စစ်ဆေးရာ ၉ ဦးလုံးတွင် အိုမီခရွန်ပိုးတွေ့ရှိခဲ့သည်ဟု ယမန်နေ့တွင် ပြည်နယ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
အိုမီခရွန်မှာ ရောဂါပြင်းထန်မှုမရှိသော်လည်း ကူးစက်မြန်တတ်သည့်အတွက် ဂရုတစိုက်နေထိုင်သင့်ပြီး အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ကာ ကိုဗစ်စည်းကမ်းနှင့်အညီ နေထိုင်သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရခိုင်တွင် ယမန်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၅,၄၇၁ ဦးနှင့် သေဆုံးသူ ၅ဝ၁ ဦးရှိကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ