ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် အိုမီခရွန်ကူးစက်မှုများလာ၍ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ကိုဗစ်စည်းကမ်းနှင့်အညီလုပ်ကြရန်လိုအပ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂၀၂၂
ရခိုင်ပြည်နယ်အတွင်း ယခုရက်ပိုင်း အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကူးစက်မှုပိုများလာသည့်အတွက် လူစုလူဝေးများမဖြစ်ပေါ်ရန်နှင့် ပျော်ပွဲရွင်ပွဲ၊ ဇာတ်ပွဲ၊ ရှင်ပြုပွဲ၊ တရားပွဲများကို ကိုဗစ်စည်းကမ်းနှင့်အညီလုပ်ကြရန် လိုအပ်သည်ဟု ထောက်ပြပြောဆိုမှုများရှိနေကြသည်။
ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ကိုဗစ်ပိုးတွေ့ရှိမှု သိသိသာသာမြင့်တက်လျက်ရှိပြီး ယင်းအထဲတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုးတွေ့သူများလည်း ပါဝင်လာနေပြီဟု သိရသည်။
ယင်းသို့ ကိုဗစ်ပိုးတွေ့ရှိမှုမြင့်တက်လျက်ရှိနေသည့်အတွက် ပျော်ပွဲရွှင်ပွဲများနှင့် ဘာသာရေးပွဲတော်များကို ကိုဗစ်စည်းကမ်းနှင့်အညီပြုလုပ်ရန်လိုအပ်ပြီး စည်းကမ်းမလိုက်နာသူများကို ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုမင်းဘာချေက ထောက်ပြပြောဆိုသည်။
“ပြီးခဲ့တဲ့ တစ်လကျော်လောက်ကတည်းက ဒီပွဲလမ်းသဘင်ကိစ္စတွေကို သတိပေးသင့်ပါပြီ။ ဟိုနေရာမှာ ဇာတ်ကလိုက်၊ ရှိုးပွဲတွေလုပ်လိုက်နဲ့ ရခိုင်တစ်ပြည်နယ်လုံး ဆူညံနေတယ်။ ဒါပေမယ့် ကျနော်တို့က အပြစ်ပြောတာမဟုတ်ဘူး။ လုပ်တဲ့အခါ စည်းစနစ်ကျကျလုပ်ဖို့လိုပါတယ်။ အခုဆိုရင် လူတစ်ယောက်ကို စစ်ဆေးလိုက်တာနဲ့ ပိုးတွေ့နေပြီ။ ဒါကြောင့် နောက်နောင် ဒီလိုမဖြစ်အောင် တင်းကျပ်စွာလုပ်သင့်တယ်လို့မြင်တယ်” ဟု ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း ရခိုင်တွင် စစ်တွေမှ (၃၃)ဦးအပါအဝင် မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲစသည့်မြို့နယ်များတွင် ကိုဗစ်ပိုးတွေ့သူ ၄၅ ဦးရှိခဲ့သည်ဟု ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစီရင်ခံစာတွင် တွေ့ရှိရသည်။
ရခိုင်ပြည်နယ်ကောင်စီကလည်း လူစုလူဝေးအများအပြားဖြင့် ပျော်ပွဲရွင်ပွဲများကိုမလုပ်ရန်နှင့် ကိုဗစ်စည်းကမ်းများကို လိုက်နာကြရန် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များအလိုက် ညွှန်ကြားထားကြောင်း ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
“ ရခိုင်မှာ အိုမီခရွန်တွေ့နေပြီ။ ကျန်းမာရေး အသိရှိဖို့၊ ရောဂါရဲ့လက္ခဏာ ဘယ်လိုရှိတယ်ဆိုတာ အစိုးရက အသိပေးလှုံ့ဆော်တာတွေလိုက်နာဖို့ကို ငါတို့က နေ့တိုင်းတိုက်တွန်းနေတယ်။ အခုခေတ်မှာ ပြည်သူတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ သိပြီးသားပါ။ လိုက်နာဖို့လိုပါတယ်” ဟု ပြောသည်။
ရခိုင်တွင် ကိုဗစ်ပိုးတွေ့သူများလာ၍ ပွဲလမ်းသဘင်များနှင့် လူစုလူဝေးများကို အတတ်နိုင်ဆုံး မပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲချုပ် (ULA)ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တိုက်တွန်းထားသည်။
တောင်အာဖရိက ကိုဗစ်မျိုးကွဲ ကူးစက်မြန် အိုမီခရွန်ရောဂါပိုးကို ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်မှစ၍ စစ်ဆေးတွေ့ရှိခဲ့ရာ ယခုဆိုလျှင် ကူးစက်ခံရသူပိုများလာနေသည်ကို သတိပြုရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းနေကြသည်။
အိုမီခရွန်သည် ကူးစက်မြန်ကာ လူကိုသေစေနိုင်မှုရာခိုင်နှုန်းအလွန်နည်းသော်လည်း သတိပြုသင့်ပြီး ကူးစက်ခံရလျှင် ရောဂါလက္ခဏာအဖြစ် နှာရည်ယိုခြင်း၊ ခေါင်းကိုက်ပြီး ပင်ပန်းနွမ်းနမှုဖြစ်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်စေနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ - ရခိုင်မှ ပျော်ပွဲရွှင်ပွဲတစ်ခုအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ