ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် လူဦးရေ ၆ သိန်းကျော် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကွယ်ဆေးထိုး မထိုးနှံရသေးသူ ၆ သိန်းကျော်ကျန်နေသေးသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရခိုင်တပြည်နယ်လုံးတွင် ဆေးထိုးရန်အကျုံးဝင်သည့် လူဦးရေ သိန်း ၂ဝ ကျော်ရှိရာမှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်အထိ ဆေးထိုးရန် ကျန်နေသူ ၆ သိန်းကျော်ရှိနေသေးပြီး ဆေးလာရောက်ထိုးနှံသူလည်း နည်းပါးလာနေကြောင်း ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ပထမအကြိမ်ထိုးနှံဖို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တစ်ခြားဌာနတွေနဲ့ ကျွန်တော်တို့ ကျန်းမာရေးဌာနတွေ ပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာ ဆေးထိုးနှံမှုနည်းလာတယ်ပေါ့နော်။ ဆေးထိုးဖို့လူမကျန်တော့ဘူးလို့ကြားလာရတယ်ပေါ့။ အဲဒါဆိုတော့ မြေပြင်မှာမရှိတာလား၊ စာရင်းဇယားကွာနေတာလား ကျွန်တော်တို့ပြန်စဉ်းစားရမှာပေါ့နော်” ဟုပြောသည်။
ကျန်းမာရေးဌာနအနေဖြင့် ကိုဗစ်ဆေးအသစ်များအား လာမည့် မေလအထိဆက်တိုက်ထိုးပေးနေရပြီး ဆေးများလည်း အလုံအလောက်ရှိနေသည့်အတွက် ကာကွယ်ဆေး မထိုးရသေးသူများအနေဖြင့် လာရောက်ထိုးနှံကြရန်လည်း သူက တိုက်တွန်းသည်။
လက်ရှိတွင် ရခိုင်၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံရမည့်သူများအနက် ကာကွယ်ဆေး ၂ ကြိမ်လုံးထိုးထားသူ ၁၁ သိန်းကျော်နှင့် ဆေးတစ်ကြိမ်ထိုးထားပြီးသူ ၁၄ သိန်းကျော်ရှိထားပြီဖြစ်ကြောင်း သိရသည်။
Rakhine Covid-19 Watch မှ ဦးဦးထွန်းလှိုင်က “ဒီမထိုးရသေးဘူးဆိုတဲ့လူတွေထဲမှာ ဘာသာရေးခေါင်းဆောင်တွေက မထိုးရဘူးလို့ပြောတဲ့အတွက် မထိုးတဲ့လူတွေရော၊ ဥပမာ- ဝေးလံတဲ့နေရာကလူတွေနဲ့ ခရီးသွားရာကနေ အဲဒီနေရာတွေက ဆေးထိုးလာတဲ့အတွက် မထိုးတော့ဘူးဆိုတဲ့လူတွေရော၊ ဆေးကို မယုံကြည်လို့မထိုးဘူးဆိုတဲ့လူတွေရောပါမယ်ထင်တယ်။ ဘယ်လိုပြောပြော ဆေးထိုးပြီးသေတဲ့လူက ရှားတယ်။ ဒါကြောင့်ဆေးထိုးဖို့ တိုက်တွန်းချင်တယ်” ဟုပြောသည်။
ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း စတင်ထိုးပေးခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၅,၅ဝဝ ကျော်နှင့် သေဆုံးသူ ၅ဝ၁ ဦးရှိပြီး ဆေးကုသမှုခံယူနေရသူ ၁၈ဝ ဦးရှိနေကြောင်း ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စာရင်းအရ သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း လေယာဉ်စီးခရီးသည်အချို့နှင့် စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများအပါအဝင် ဝန်ထမ်းအချို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး အိုမီခရွန်မျိုးစိတ်ပိုး ဟုတ်/မဟုတ် ယင်းအနက် ၉ ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်တို့ကို ရန်ကုန်၌ ပေးပို့စစ်ဆေးခဲ့ရာ ၉ ဦးစလုံးတွင် အိုမီခရွန်ပိုးတွေ့ရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ