သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်လှေလုပ်သား ၃ ဦးအပါအဝင် ၅၅ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.2k

နွေဦးမေ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅ / ၂၀၂၂
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်လှေလုပ်သား ၃ ဦးအပါအဝင် လူပေါင်း ၅၅ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်များတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တွေ့ရှိခဲ့သည့်မြို့နယ်များအနက် စစ်တွေတွင် လေယာဉ်စီးခရီးသည် ၂၆၅ ဦးကို စစ်ဆေးရာ ၃၄ ဦး၌ပိုးတွေ့ခဲ့ပြီး စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် လှေလုပ်သား ၂၅ ဦးကို စစ်ဆေးရာ ၃ ဦး၌ ပိုးတွေ့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက “ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာတဲ့ ရန်ကုန်က ငါးဖမ်းစက်လှေကတွေ့တာပါ။ နယ်စပ်ဂိတ်မှာဆိုရင် ဒီကအသွားမှာရော၊ ဟိုက ပြန်လာရင်ရော ပိုးရှိ/မရှိ စစ်ရပါတယ်။ လက်ရှိမှာတော့ သူတို့ကို စစ်တွေဆေးရုံမှာ ထားထားပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း စစ်တွေတွင် လေယာဉ်စီးခရီးသည် ၁၀ ကျော်နှင့် စစ်တွေတက္ကသိုလ်ဝန်ထမ်း ၅၀ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး အိုမီခရွန်ပိုးဟုတ်/မဟုတ် ယင်းအထဲမှ ၉ ဦးကိုစစ်ဆေးခဲ့ရာ ၉ ဦးလုံးတွွင် အိုမီခရွန်ပိုးတွေ့ရှိခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ယမန်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၅,၇၀၈ ဦး၊ သေဆုံးသူ ၅၀၁ ဦးနှင့် ကုသဆဲ ၂၂၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ