အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြေပုံတွင် ကိုဗစ်စည်းကမ်းမလိုက်နာသူ အယောက် ၂၃၀ ကျော် ခံဝန်လက်မှတ်ထိုးခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k


နွေဦးမေ
နိရဥ္စရာ၊ မတ် ၂ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် ကိုဗစ်စည်းကမ်းမလိုက်နာသူ အယောက် ၂၃၀ ကျော်သည် ခံဝန်လက်မှတ်ရေးထိုးခဲ့ရကြောင်း သိရသည်။
မြေပုံမြို့၊ မြို့မစျေးရှိ မြို့မဓမ္မာရုံရှေ့တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်က လမ်းသွားလမ်းလာများအနက် နှာခေါင်းစည်းမတပ်သူ ၂၃ဝ ကျော်ကို ခံဝန်လက်မှတ်ရေးထိုးစေပြီး နှာခေါင်းစည်းတစ်ခုစီပေးကာ ပြန်လွှတ်ပေးခဲ့သည်ဟု မြေပုံမြို့ သဲတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်အေးကျန်က နိရဥ္စရာကို ပြောသည်။
“လူတွေက စည်းကမ်းမလိုက်နာကြဘူး။ အိုမီခရွန်က ကူးစက်မြန်တယ်။ အဲ့ဒါကြောင့် သူတို့ကို သတိပေးတဲ့အနေနဲ့ လုပ်တာပါ” ဟုပြောသည်။
ယခုကဲ့သို့ ကိုဗစ်စည်းကမ်းလိုက်နာမှုရှိ/မရှိကို မြေပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးမောင်အေးကျန်က ပြောသည်။
မြေပုံမြို့ခံ ဦးစောရွှေဖြူက မြေပုံတွင် ကိုဗစ်စည်းကမ်းလိုက်နာသူအားနည်းသလို အခြားမြို့နယ်၊ ဒေသများမှ လာသောသူများမှတဆင့်လည်း ရောဂါကူးစက်ခံနိုင်ရသည်ဟု ပြောသည်။
“ဒီမှာတော့ တပ်တဲ့သူကတပ်၊ မတပ်တဲ့သူက မတပ်ဘူး။ နှာခေါင်းစည်းမတပ်ရင် တခြားမြို့တွေက လာကြတဲ့လူတွေဆီမှာ ရောဂါပါမယ်ဆိုတာမမြင်နိုင်ဘူးလေ။ ဒါကြောင့် စည်းကမ်းလိုက်နာဖို့လိုပါတယ်” ဟုပြောသည်။
မြေပုံတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၉၇ ဦးနှင့် သေဆုံးသူ ၇ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံံ့ပြန်ရေးကော်မတီ၏စာရင်းအရ သိရသည်။
ရခိုင်တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က လေယာဉ်စီးခရီးသည်အချို့နှင့် စစ်တွေတက္ကသိုလ်မှဆရာ၊ ဆရာမများအပါအဝင် ဝန်ထမ်းအချို့တွင် ကိုဗစ်ပိုးတွေ့ရှိပြီး အိုမီခရွန်မျိုးစိတ်ပိုး ဟုတ်/မဟုတ် ၉ ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်တို့ကို ရန်ကုန်သို့ပေးပို့စစ်ဆေးစေခဲ့ရာ ယင်း ၉ ဦးစလုံးတွင် အိုမီခရွန်ပိုးတွေ့ ရှိသည်ဟု သိရသည်။
-----------------------

ဆက်စပ် သတင်းများ