ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် အိုမီခရွန်ဖြစ်ပွားမှုနှုန်း လျော့ကျလာသော်လည်း သေဆုံးသူ ၁ ဦးရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၉/၂၀၂၂
ရခိုင်ပြည်နယ်တွင် ယခုအပတ်အတွင်း အိုမီခရွန်ဖြစ်ပွားမှုနှုန်းလျော့ကျလာသော်လည်း သေဆုံးသူ ၁ ဦးရှိခဲ့သည်ဟု သိရသည်။
အိုမီခရွန်ပိုးတွေ့သူဦးရေမှာ ယခုအပတ်မှစတင်ကာ လျော့ကျလာနေပြီဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
"ဒီတစ်ပတ်မှာ စကျလာပါပြီ။ ရှေးအပတ်တွေက လူ ၁၀၀ စစ်ရင် ၉ ယောက်တွေ့တယ်ပေါ့။ ၉% ကနေ အခု ၈% ထိကျလာပါတယ်။ အဓိကက ကာကွယ်ဆေးထိုးထားသူတွေဟာ ကူးစက်ခံရရင်တောင် အသက်အန္တရာယ်မစိုးရိမ်ရဘူး။ နောက်ဆက်တွဲ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်"ဟု ပြောသည်။
သို့ရာတွင် မတ်လ ၂ ရက်က ကျောက်တော်မြို့နယ်တွင် အိုမီခရွန်ကြောင့် အမျိုးသမီး ၁ ဦးသေဆုံးသွားခဲ့သည်ဟု ကျောက်တော်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွန်းဦးက နိရဥ္စရာကို အတည်ပြုသည်။
အသက်အရွယ်နှင့် ရောဂါအခံရှိ/မရှိဆိုသည်ကို မေးမြန်း၍ မရခဲ့ပါ။
လတ်တလောတွင် ရခိုင်၌ အိုမီခရွန်ဖြစ်ပွားမှုနှုန်းသည် ၈ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းခန့်အထိရှိနေကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ယမန်နေ့တွင် ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ အိုမီခရွန်ကိုဗစ်ပိုးရှိသူ ၉ ဦးတွေ့ရှိပြီးနောက် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်လက္ခဏာ ဖျားနာမှုအများအပြားရှိသောကြောင့် အိုမီခရွန်ဟုတ်မဟုတ် သီးခြားမစစ်ဆေးသော်လည်း အိုမီခရွန်သာဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။
လက်ရှိတွင် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ ရခိုင်ပြည်နယ်အတွင်း ရဝဝ ကျော်ပိုးတွေ့ခဲ့ပြီး သေဆုံးသူ ၁ ဦးရှိခဲ့ကာ ကုသဆဲ ၁၂ဝ ကျော်ရှိသည်ဟု ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီစာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ