ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြန်မာတွင် အိုမီခရွန်ထက် ကူးစက်မြန် အိုမီခရွန်မျိုးကွဲသစ် BA.2 ပိုးတွေ့လူနာသစ် ၃၁ ဦးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.8k


မင်းအဂ္ဂ
နိရ ဉ္စရာ၊ မတ် ၁၉ / ၂ဝ၂၂
မြန်မာနိုင်ငံတွင် အိုမီခရွန်ထက် ကူးစက်မြန်သည့် အိုမီခရွန်မျိုးကွဲသစ် BA.2 ပိုးတွေ့လူနာသစ် ၃၁ ဦးကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၁)ခုအား မတ်လ ၁၅ ရက်တွင် စစ်ဆေးခဲ့ရာ အိုမီခရွန်မျိုးကွဲသစ် BA.2 ပိုးကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ မတ်လ ၁၈ ရက်ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၄င်းတို့ကို ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိသည်ဟု ဆိုထားသည်။
အိုမီခရွန်မျိုးကွဲသစ် BA.2 ပိုးကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဒိန်းမတ်၊ အိန္ဒိယ၊ ယူကေနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့နိုင်ငံအနှံ့သို့ ပျံ့နှံ့နေပြီဟု သိရသည်။
BA.2 ပိုး၏ရောဂါလက္ခဏာသည်လည်း လက်ရှိကူးစက်မှုဖြစ်ပွားနေသည့်အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါ BA.1 ပိုးကူးစက်ခံရသည့်လက္ခဏာအတိုင်း အဓိကအသက်ရှုလမ်းကြောင်းနှင့်သက်ဆိုင်သည့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အဖျားရှိခြင်း၊ နွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အနံ့ပုံမှန်မရခြင်းတို့ဖြစ်တတ်ကြောင်း သိရသည်။
BA.2 ပိုးသည် BA.1 ပိုးထက် ကူးစက်မှု ပိုမိုမြန်ဆန်ပြီး ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တစ်ဘက်တွင်လည်း ကိုဗစ်ဖြစ်ပွားမှုနှင့်သေဆုံးနှုန်းလျော့ကျသွားပြီဟုဆိုကာ လူဦးရေ ၄၀၀ အထိ စုဝေးခွင့်ကို မတ်လ ၁၆ ရက်မှစတင်ကာ နစကကောင်စီက ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။
ယင်းအပြင် နိုင်ငံတကာလကြောင်းခရီးစဉ်များကိုလည်း လာမည့် ဧပြီလ ၁၇ ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်ဟု ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ယမန်နေ့တွင်ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ