ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှုနှုန်းလျော့ကျနေပြီဖြစ်သော်လည်း လေယာဉ်စီးခရီးသည်များကို ကိုဗစ်စစ်ခိုင်းပြီး ရန်ကုန်တွင် ခရီးတစ်ဦးလျှင် ကိုဗစ်စစ်ဆေးခ ကျပ် ၂၀၀၀၀ ကောက်ယူနေမှုအပေါ် ဝေဖန်မှုများထွက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4k

အေးမြတ်ခိုင်
နိရဥ္စရာ ၊ဧပြီ ၂၅/၂၀၂၂
မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်ကူးစက်မှုလျော့ကျလာသဖြင့် လူ ၄၀၀ ထက် မစုဝေးရသတ်မှတ်ချက်ကို ပယ်ဖျက်ခြင်း၊ ရုပ်ရှင်ရုံများကို ဖွင့်လှစ်ပြသခြင်းများ ပြုလုပ်ပြီ ဖြစ်သော်လည်း လေယာဉ်စီး ခရီးသည်များကို လေယာဉ်ပေါ် မတက်မီ ၂၄ နာရီအတွင်း ကိုဗစ် စစ်ဆေးနေမှုများကို ဆက်လက် ပြုလုပ်နေပြီး စစ်ဆေးခ ကျပ် ၂၀၀၀၀ ယူဆောင်နေမှု အပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ် နေကြာင်း သတင်းရရှိသည်။
ထိုသို့ စစ်ဆေးရာတွင် ရခိုင်ပြည်နယ်အတွင်းမှ ရန်ကုန်သို့ သွားမည့် ခရီးသည်များကို ကိုဗစ်စစ်ဆေးခ ပေးစရာမလိုကြောင်းသိရသည်။
သို့သော်လည်း ရန်ကုန်မှ ရခိုင်သို့ သွားသည့်ခရီးသည်များအပါအဝင် တစ်ခြား မြန်မာပြည် ဒေအသီးသီးသို့ လေယာဉ်ဖြင့် ခရီးသွားသူများအနေဖြင့် ကိုဗစ်ဆေး ၂ ကြိမ်ထိုးထားပြီး ဖြစ်သော်လည်း ရန်ကုန်တွင် ကိုဗစ်စစ်ဆေးရပြီး ကျပ်နှစ်သောင်းအထိ ပေးဆောင်နေရကြောင်း သိရသည်။
လက်ရှိ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်ကူးစက်မှု လျော့ကျ လာပြီဖြစ်သဖြင့် ပွဲလမ်းသဘင်များနှင့် ရုပ်ရှင်ရုံများပင် ပြန်ဖွင့်နေချိန်တွင် လေယာဉ်စီးခရီးသည်များကို ချမှတ်ထားသော ကိုဗစ်စစ်ဆေးရသည့် စည်းကမ်းသတ်မှတ်ချက်ကို ပယ်ဖျက်သင့်ပြီဖြစ်ကြောင်း စစ်တွေမြို့မှ မသန်းသန်းမူက နိရဥ္စရာ ကိုပြောသည်။
"တကယ်ဆို အဓိပ္ပာယ်မှ မရှိတာ။ ရုပ်ရှင်ရုံတွေ ဖွင့်နေပြီ။ လူ ၄၀၀ မက စည်စည်ကားကား ပွဲတွေကျင်းပနေပြီး လေယာဉ်စီးမှ ကိုဗစ်စစ်နေတာက လုံး၀ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ပဲ"ဟု ပြောသည်။
မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့မှ စတင်ကာ လူ ၄၀၀ အထက် မစုဝေးရ သတ်မှတ်ချက်ကိုပယ်ဖျက်လိုက်ပြီး လက်ရှိတွင် ရုပ်ရှင်ရုံများလည်း ဖွင့်လှစ် ပြသနေပြီဖြစ်သည်။
ယခုကဲ့သို့ လေယဉ်စီးခရီးသည်များကို လေယာဉ်ပေါ်မတက်မီ ၂၄ နာရီအတွင်း ကိုဗစ်စစ်ဆေးခိုင်းပြီး ရန်ကုန်တွင် ငွေနှစ်သောင်းစီကောက်ခံနေခြင်းမှာ ပြည်သူများအပေါ် ခေါင်းပုံဖြတ်ခြင်း တမျိုးဖြစ်ပြီး ရပ်တန့်သင့်ပြီဟုလည်း ပြောဆိုကြသည်။
ရန်ကုန်မှ လေယာဉ်စီးမည့်ခရီးသည်များအနေဖြင့် သတ်မှတ်နေရာများတွင် ကိုဗစ်စစ်ဆေးခ နှစ်သောင်းကျပ် ပေးဆောင်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးရသဖြင့် အခက်အခဲများရှိနေ၍ ကိုဗစ်စစ်ဆေးခြင်းကို ပယ်ဖျက်သင့်ကြောင်း သံတွဲမြို့ခံ ဦးထွန်းသန့်ကျော်က ပြောသည်။
"ရန်ကုန်မှာကျတော့ အခက်ခဲရှိတယ်။ တစ်နေရာနဲ့တစ်နေရာ သွားစစ်ဖို့က မလွယ်ဘူး။ တချို့ကျတော့အဲလိုပေါ့။ နောက်ဆုံးမသွားချင်တော့ လမ်းကြောင်းတွေနဲ့ လုပ်ကြတာပေါ့။ မကြာခင် နိုင်ငံခြားခရီးသွားတွေလည်း ဝင်လာတော့မယ်။ ခရီးသွားပိုမိုများလာအောင်၊ ပိုမိုဖွံ့ဖြိုးအောင် ဒါလေးကို ရုပ်သိမ်းစေချင်တယ်" ဟု ပြောသည်။
လက်ရှိတွင် လေယာဉ်စျေးနှုန်းလည်း မြင့်တက်နေပြီး ကိုဗစ်စစ်ဆေးခလည်း ကျပ်နှစ်သောင်းပေးရသဖြင့် ရခိုင်လို လေယာဉ်ဖြင့် ခရီးသွားသူများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေကြရသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက " ဒါကပြည်ထောင်စု ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ ပေါ်လစီပေါ့။ ပြည်နယ်အစိုးရအနေနဲ့ကျတော့ ရခိုင်ပြည်နယ် အတွင်းမှာဆို သံတွဲဒေသက ခရီးသွားလုပ်ငန်းကို အခြေ ခံပြုပြီး စီးပွားရှာတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် တကယ်လို့သာ ပြည်ထောင်စုအနေနဲ့ နှာခေါင်း အာခေါင်ထိုးစရာမလိုဘဲ ဆေးနှစ်ကြိမ်ထိုးပြီးတာကိုပြပြီး သွားလာလို့ရရင် ငါတို့ပြည်နယ်အစိုးရကပိုကြိုက်တာပေါ့။ သို့သော် ပြည်ထောင်စုရဲ့ မူဝါဒသဘောတရားတွေ တိတိကျကျ ဘယ်လိုရှိမှန်း ငါတို့လည်းမသိဘူး"ဟု ပြောသည်။
လေယာဉ်စီးခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ကိုဗစ်စစ်ဆေးရမည်ဟု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ၎င်းအမိန့်ကို ပြန်လည် ရုပ်သိမ်းရန်ကို ဝန်ကြီးဌာနအနေဖြင့် မေ့နေသည်ဟု ဆိုကာ ဝေဖန် ပြောဆိုမှုများလည်း ရှိသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၂၃ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၁၉ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီထုတ်ပြန်ချက်အရသိရသည်။

ဆက်စပ် သတင်းများ