ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပြည်တွင်းလေကြောင်းစီးမည့်ခရီးသည်များ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးပါက ထပ်မံဆေးစစ်ရန်မလိုတော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရ ဉ္စရာ၊ ဇွန် ၁/၂၀၂၂
ပြည်တွင်းလေကြောင်းစီးမည့် ခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးပါက ထပ်မံဆေးစစ်ရန်မလိုတော့ကြောင်း ကျန်းမာရေး ဌာနမှ ဒေါက်တာခင်ခင်ကြီးက သူ၏လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ယနေ့ ဇွန်လ ၁ ရက်နေ့၊ မနက်တွင် ရေးသားဖော်ပြထားခြင်းဖြစ်ကာ ဒေါက်တာခင်ခင်ကြီး ရေးသားဖော်ပြထားသည်မှာ " ပြည်တွင်းလေကြောင်း ခရီးစဉ်တွင် လိုက်ပါမည့်သူများ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားပါက RDT စစ်စရာမလိုတော့ပါ" ဟုရေးသားထားသည်။
ယခုကဲ့သို့ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးထားသူများ ထပ်မံ ဆေးစစ်ရန် မလိုအပ်သည့်အချက်မှာ ကောင်းပြီး လူတိုင်းနီးပါးလည်း ကိုဗစ်ကာကွယ်ဆေးထိုးရန်လိုအပ်ကာ ထိုးသင့်ကြောင်း Rakhine Covid 19 watch မှ ကိုဇော်လှိုင်ထွန်းက နိရ ဉ္စရာသို့ပြောသည်။
"ကိုဗစ်ကာကွယ်ဆေးထိုးထားရင်တော့ ဆေးစစ်စရာမလိုတော့ဘူး။ အဓိကတော့ မစစ်ရတော့ဘူး ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ လူတိုင်းကတော့ ကာကွယ်ဆေးအပြည့် ထိုးထားဖို့လိုမယ်။ သူတို့လည်း ထိုးပေးနေတဲ့အခါ အခွင့်အရေးရရင် ဆေးထိုးထားတာ ပိုပြီးကောင်းပါတယ်" ဟုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လေကြောင်းခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ် ဆေးထိုးထားပြီးသည်ဖြစ်စေ၊ မထိုးသေးသည်ဖြစ်စေ ကိုဗစ်ဆေးစစ်မှုကိုခံယူရမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကို ဖုန်းနှင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ (NN-8)

ဆက်စပ် သတင်းများ