ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်ပြန် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅ ဦး၌ ကိုဗစ်ပိုး ထပ်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k

နိရဥ္စရာ၊ ဇူလိုင် ၉/၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာသည့် စက်လှေသမား ၅ ဦးတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၅၅ ဦးကို စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကော်ရန်တင်းထားပြီး ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ဇူလိုင်လ ၇ ရက်တွင် ၂ ဦးနှင့် ဇူလိုင်လ ၈ ရက်တွင် ၃ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ပိုးတွေ့သူတွေကို ကိုဗစ်ဆောင်မှာ သီးသန့်ထားပါတယ်။ ခရီးသွားလာတဲ့သူတွေဆိုတော့ ကိုဗစ်ထိုးပြီးမှ ခရီးသွားခွင့်ရတာပါ။ ကိုဗစ်ရောဂါတွေကိုမခွဲခြားရသေးတော့ အိုမီခရွန်လို့ မပြောနိုင်ပါဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်စက်လှေသမား ၅၅ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ စက်လှေသမား ၃ ဦး၌ ပိုးတွေ့ရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။
လက်ရှိတွင် သူတို့ ၃ ဦးသည် ကျန်းမာရေးကောင်းမွန်သွားပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဟုလည်း သိရသည်။
ရခိုင်တွင် ဇူလိုင်လအစောပိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပြန် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၈ ဦးအထိ ရှိသွားပြီဖြစ်သည်။
ကိုဗစ်တတိယလှိုင်းဖြစ်သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့်ဇွန်လတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာကြသည့် လှေသမား ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
ရခိုင်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။ (NN-13)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ