စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမား ၁၁ ဦး၌ ကိုဗစ်ပိုး ထပ်တွေ့ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ ဇူလိုင် ၁၆/၂၀၂၂
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမား ၁၁ ဦးတွင် ကိုဗစ်ပိုး တွေ့ထားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးစက်လှေသမားများကို စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကော်ရန်တင်းထားပြီး ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့မှ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်အထိ စက်လှေသမား ၁၁ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
"မနေ့ကထိတော့ ၁၁ ဦးနဲ့ ပိတ်ထားပါတယ်။ ဒီနေ့ဖို့တွက်တော့ ကျွန်တော်မကြည့်ရသေးပါဘူး။ မသိရသေးပါဘူး" ဟုပြောသည်။
လက်ရှိတွင် အဆိုပါ ၁၁ ဦးအနက် အချို့မှာ ကျန်းမာရေးကောင်းမွန်၍ စစ်တွေဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပြီး အချို့မှာ ဆေးရုံအတွင်း ဆေးကုသမှုဆက်လက်ခံယူနေရသည်ဟု သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့်စက်လှေသမား ၃ ဦး၌ ကိုဗစ်ပိုး တကျော့ပြန်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကိုဗစ်တတိယလှိုင်းဖြစ်သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့်ဇွန်လတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာကြသည့် လှေသမား ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
ရခိုင်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။ (NN-13)
Photo - RSCCI

ဆက်စပ် သတင်းများ