သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မောင်တောတိုက်ပွဲဂယက်ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု မထိခိုက်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဥ္စရာ၊ ဇူလိုင် ၂၁/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိနိုင်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးစံအောင်သိန်းက နိရဥ္စရာကိုပြောသည်။
“ထိခိုက်မှုတွေက မရှိပါဘူး။ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့ကြိမ်ချောင်းနဲ့က အဝေးကြီးပါ။ မောင်တောက သက်သက်ပါ။ တိုက်ပွဲဖြစ်လို့ ရပ်တန့်ထားရတာတွေလည်း မရှိပါဘူး”ဟု ပြောသည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဇူလိုင် ၁၈ ရက်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးများရှိခဲ့သလို လက်နက် ၂၈ လက်နှင့်အတူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦးကိုလည်း AA ဘက်က ဖမ်းမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
ယင်းနောက်ပိုင်း မောင်တောမြို့နယ်တွင် စစ်ရေးတင်းမာမှုများရှိနေပြီး ဒေသခံအချို့ ဖမ်းဆီးခံနေရမှုများလည်း ရှိနေသည်ဟု သိရသည်။
သို့သော် မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးကို ပုံမှန်အတိုင်းလုပ်ဆောင်လျက်ရှိသည်ဟုလည်း မောင်တောနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း(ကညင်ချောင်း)နှင့် စစ်တွေနယ်စပ်ကုန်ကုန်သွယ်ရေးစခန်း(ရွှေမင်းဂံ)တို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉၀ သန်းဖိုး တင်ပို့နိုင်ခဲ့သည်ဟုလည်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ (NN-13)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ