သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကိုဗစ် ၁၉ထက် ကူးစက်မှုနှုန်း ၁ ဒသမ ၂၇ ဆပိုမြန်သည့် ဗီဇပြောင်းရောဂါပိုး ပြန့်နှံ့နေပြီဖြစ်၍ သတိထားရန်လိုအပ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ မေ ၄/ ၂၀၂၃

 

ကိုဗစ် ၁၉ ထက် ကူးစက်မှုနှုန်း ၁ ဒသမ ၂၇ ဆ ပိုမိုမြန်ဆန်သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုး ပြန့်နှံ့နေပြီဖြစ်ပြီး လက်ရှိတွင် အဆိုပါ ရောဂါပိုးကြောင့် သေဆုံးမှုများလည်း ပြန်လည ရှိလာကြောင်း ပရဟိတ လူမှုကူညီရေး အသင်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

 

ကိုဗစ် ပိုးတွေ့လူနာတွေ့ရှိမှုလည်း ပြန်လည်မြင့်တက်လာနေသလို ကိုဗစ်နဲ့ သေတဲ့ တစ်ဦးစ နှစ်ဦးစလည်း ရှိလာတာတွေ့ရတယ်။ ကျန်းမာရေး သတိကတော့ လိုသည်မရှိပါဘူး။ ကိုဗစ် စဖြစ်တုန်းက ကာကွယ်မှု ပုံစံမျိုးတွေကိုပဲ ဂရုစိုက်ပြုမှုကြပါလို့ တိုက်တွန်းချင်ပါတယ်ဟု ပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိ သူ တစ်ဦးက ပြောသည်။

 

ကိုဗစ် ပိုးတွေ့လူနာ သေဆုံးမှုအနေဖြင့် ဧပြီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် တစ်ဦး သေဆုံးခဲ့မှု၊ မေလ ၂ ရက်နေ့က ပြည်မြို့ ကုတင် (၅၀၀) တွင် တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

 

ကိုဗစ်ပိုးတွေ့ သံသယလူနာတွေ့ရှိမှုများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းမှ စတင်၍ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့ပြီး တစ်နေ့လျှင် အနည်းဆုံး ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၀၀ ဦးရေခန့် တွေ့ရှိလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

ကိုဗစ် မျိုးရိုး ဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယ ဖြစ်ဖွယ် ဓာတ်ခွဲ နမှုနာပေါင်း (၂၂) ခုကို ဧပြီလ ၂၉ ရက်နေ့က စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကူးစက်မှုနှုန်း ၁ ဒမသ ၂၇ ဆ ပိုမိုမြန်ဆန်သည့် မျိုးရိုးဗီဇပြောင်း XBB.1.16 ကိုတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ XBB.1.16 ပိုးတွေ့ လူနာများကိုလည်း ပြည်တွင်း၌ တွေ့ရှိမှု (၈)ဦးအထိရှိခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

 

XBB.1.16 ပိုးတွေ့လူနာများထဲမှ တစ်ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန် (၇)ဦးသည် ပြည်တွင်း ကူးစက်မှုများမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ XBB.1.16 ပိုးသည် ကူးစက်မှုသာမြန်ဆန်ပြီး ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုများ ပိုမိုမြင့်မားခြင်းမရှိကြောင်းနှင့် ကုသမှုများကို ကိုဗစ် ဖြစ်ပွားချိန်က ကုထုံးများ နည်းလမ်းများအတိုင်းနေထိုင်ခြင်းဖြင့် ဖြစ်ပွားမှုလျော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန် ပြောဆိုထားသည်။

 

ကိုဗစ်ရောပိုးတွေ့ရှိမှုအနေဖြင့် ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့ ည ၈ နာရီ အထိ စာရင်းများအရ ဓာတ်ခွဲ နမှုနာစုစုပေါင်း (၁၀၃၉၆၉၇၀) ဦးအားစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကိုဗစ် ၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၆၃၅၂၅၇ ဦး ရှိကြောင်း သိရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - COVID - 19 ကာကွယ်ဆေး နေပြည်တော် တွင် ထိုးနှံ့ပေးမှု (Narinjara)

ဆက်စပ် သတင်းများ