စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်မှာ ကုန်ဈေးနှုန်းဆက်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

ထက်အောင်

နိရဉ္စရာ၊ မေ ၈- ၂၀၂၁

 

မြန်မာနိုင်ငံအတွင်း လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပြည်နယ်တွင်း လမ်းပမ်း ဆက်သွယ်ရေး အခက်အခဲများကြောင့် ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိမှာ ကုန်ဈေးနှုန်း  တစ်ရက်ထက်တစ်ရက်မြင့်တက်နေပြီး ယင်းအထဲမှာ စားသုံးကုန်ဈေးနှုန်းများသည် အဓိကမြင့်တက်နေဖြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခင်မောင်ကြီးက ပြောပါသည်။

 

အဓိကတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ အဲဒါတွေကြောင့်ပေါ့။ လုံခြုံရေးအခြေအနေတွေ၊ နောက်ပြီး CDM  လုပ်တာရှားမှုတွေလည်းရှိတယ်။ အဲဒါတွေကြောင့် ရန်ကုန်က လက်လီလက်ကား ဖြန့်တဲ့ဆိုင်တွေ၊ ကုန်ပစ္စည်းထုတ်တဲ့ စက်ရုံတွေ လုပ်ငန်းရပ်တန့်သွားတာတွေ ဒါတွေ အားလုံးနဲ့ ပတ်သက်ပြီးတော့ အခြေခံကုန်ဈေးနှုန်းတွေက ဈေးတက်ကုန်တာပေါ့ဟု ဆိုသည်။

 

အခုလိုမျိုး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းသည် အဓိက နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ဆက်နွယ်နေပြီး နိုင်ငံရေးအားပြိုင်မှုကို အကြောင်းပြုပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်နေခြင်းကြောင့်ဟု ရခိုင်ပြည်နယ်ကုန်သည်များအသင်း ဥက္ကဌက ထောက်ပြသည်။

 

စီးပွားရေးတွေ ရပ်သွားတယ်၊ နှေးကွေးသွားတယ်။ ကုန်စည်ပို့ဆောင်ရေးတွေလည်း မရပ်တန့်သွားပေမယ့် အများကြီးနှေးသွားတယ်။ ဒါတွေကြောင့် လူတွေရဲ့ ဝင်ငွေအပေါ်မှာ ထိခိုက်လာမယ်။ လူတွေဝင်ငွေအပေါ်မှာ ထိခိုက်လာရင်တော့ ဆင်းရဲမှုတွေမြင့်တက်လာမှာပေါ့။ ဆင်းရဲမှုတွေမြင့်လာနိုင်တဲ့အတွက် လူတွေရဲ့ ကျန်းမာရေး၊ ဆေးဝါးကုသမှုတွေမှာလည်း လိုက်ပြီး ထိခိုက်လာနိုင်တယ် ဟု ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုပါသည်။

 

မြန်မာနိုင်ငံအတွင်းက လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံတွင်း လူပေါင်းသန်းနဲ့ချီကာ အငတ်ဘေးနှင့် ကြုံလာနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာက သတိပေးထားသည်။

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိအချိန်ထိ ပြည်သူလူထု နေ့စဉ်စားသုံးကုန်ဖြစ်သော ဆန်ဈေးနှုန်းတွေမြင့်တက်မှုရှိနေပြီး ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ကျပ်ငွေ (၄၃၀၀၀) အထိရှိကာ ဆီဈေးနှုန်းမှာလည်း ဟင်းသီဟင်းရွက်ဆီ ၁ လီတာတစ်ဗူး ကို (၂၅၀၀)နဲ့ ပဲဆီ (၁) လီတာ တစ်ဗူးကို (၄၅၀၀) ထိရှိကြောင်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်(၂) ရှိ ရွှေပြည့်ဝ ဆန်၊ ဆီ၊ ဆား သီးသန့် အရောင်းဆိုင်ကနေ သိရသည်။

 

 ရခိုင်ပြည်နယ်အတွင်း ရန်ကုန်နဲ့ စစ်တွေကို အဓိကဆက်သွယ်ထားတဲ့ မင်းပြား၊ ရာမောင်မြစ်ကူး တံတား တည်ဆောက်နေဆဲဖြစ်သောကြောင့် ခရီသည်ကားများနှင့်  ကုန်ကားများသည် ဇက်ရေယာဉ်နဲ့ မြစ်ကိုဖြတ်ကူးနေရခြင်းအတွက်ကြောင့် ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့ဖက်ကနေလာသော  ကားများသည် စစ်တွေကိုရောက်ရှိနိုင်ရေး အချိန်အားဖြင့် နှောင့်နှေးကြန့်ကြာမှုတွေကြောင့်လည်း ကုန်ဈေးနှုန်းများ မြင့်တက်မှုဖြစ်ပွားနေကာ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့်လည်း ကုန်းဈေးနှုန်းတွေမြင့်တက်လာသည်ဟု ကုန်သည်များက ပြောဆိုသည်။

 

မြန်မာနိုင်ငံအတွင်း စစ်တပ်ကနေ နိုင်ငံတော်အာဏာသိမ်းပိုက်ပြီးနောက်ပိုင်းမှာ ပြည်ပကနေပြီး လောင်စာဆီတင်သွင်းမှုများကို ကန့်သတ်ထားခဲ့သောကြောင့်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

 

မင်းပြားမြို့နယ်အတွင်းက ရာမောင်တံတားတည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆက်စပ်ပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ်၊ ဦးလှသိန်းကို ဆက်သွယ်ကြည့်ရာမှာ ရာမောင်မြစ်ကူးတံတားဆောက်လုပ်ပြီးစီးမှုအခြေအနေကို မသိရသေးကြောင်းနဲ့ အပြင်သတင်းတွေအရတော့ တံတားတည်ဆောက်မှုပြီးစီးရန် နီးကပ်နေပြီဖြစ်ကြောင်း ပြောကြာသည်။

 

ရခိုင်ပြည်နယ်သည် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွင်း ဒေသတည်ငြိမ်မှု အတိုင်းအတာ တစ်ခုထိရှိသည့် ပြည်နယ်တစ်ခုဖြစ်နေကာ လွန်ခဲ့သော (၂) နှစ်က စစ်တပ်နှင့် အေအေတို့ကြား စစ်ရေးပဋိပက္ခတွေဟာလည်း လက်ရှိမှာ ရပ်တန့်နေခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း  အဆမတန်မြင့်တက်လာသောကြောင့် အခြေခံလူတန်းစား အသိုင်းအဝိုင်းကြား ထိခိုက်နစ်နာမှု ရှိသည်ဆိုခြင်းမှာ မှန်ကန်ကြောင်းနှင့် အခြေခံလူတန်းစားများ မထိခိုက်အောင် ကုန်ဈေးနှုန်း မတက်ဖို့အတွက် ဒေသတည်ငြိမ်အေးချမ်းဖို့လိုကြောင်း ပြီးခဲ့သော ဧပြီလ ၁ ရက်နေ့က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက  တိုက်တွန်းပြောဆိုဖူးသည်။

 

ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း ပြန်လည်တည်ငြိမ်ရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာများနေဖြင့် တိုင်ပင်ဆွေးနွေမှု လုပ်သင့်ကြောင်း ရခိုင်ပြည်နယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခင်မောင်ကြီးက တိုက်တွန်းပြောဆိုသည်။

 

ရခိုင်ပြည်နယ်ကို ကုန်စည်တင်ပို့မှုမှာတော့ မြန်မာပြည်မနဲ့ ရန်ကုန်ကို အဓိကအားထားနေရပြီး လက်ရှိအချိန်မှာလည်း ပြည်မနိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဒေသတွင်း ကုန်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေးမှာ နှောင့်နှေး ကြန့်ကြာလျှက်ရှိကာ ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာမည်ကို တွေ့မြင်နေရသည်။

ဆက်စပ် သတင်းများ