သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

၃ လခန့်အကြာ ပိတ်ထားရသည့် ရခိုင်နယ်စပ်ကုန်သွယ်ရေး မနက်ဖြန် ပြန်ဖွင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/ ၂ဝ၂၁
၃ လခန့်အကြာပိတ်ထားရသည့် ရခိုင်နယ်စပ်ကုန်သွယ်ရေးကို မနက်ဖြန်တွင် ပြန်ဖွင့်တော့မည်ဟု သတင်းရရှိသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးကို မနက်ဖြန် အောက်တိုဘာလ ၁၃ ရက်တွင် ပြန်ဖွင့်နိုင်ရန်အတွက် ပြည်နယ်ကောင်စီက ပြည်နယ်ကုန်သည်ကြီးများအသင်းကို ဆက်သွယ်အကြောင်းကြားထားပြီး အစည်းအဝေးတစ်ရပ်ကိုလည်း ခေါ်ယူထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်ကုန်သည်ကြီးများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က “မနက်ဖြန်တော့ ပြည်နယ်အစိုးရက အစည်းဝေးခေါ်ထားတယ်။ စည်းမျဉ်းစည်းကမ်းတွေပြောမယ်ထင်တယ်။ စနစ်တကျလုပ်ဖို့လိုမှာပေါ့။ ဖွင့်လာတာတော့ ကောင်းတာပေါ့။ မဖွင့်ရင် အလုပ်လုပ်နေရတာမလွယ်ဘူး။ ကုန်တွေက ရပ်နေတော့ ငွေမပေါ်ဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျောက်တောင်ကလည်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်ပြီဆိုသည့်အကြောင်းကို ယနေ့ညနေပိုင်းက ရေးသားဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည််နယ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိသေးပါ။
အောက်တိုဘာ ၈ ရက်က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ရခိုင်တွင်ကိုဗစ်ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက်လျော့နည်းနေပြီဖြစ်သဖြင့် ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်နိုင်သည့်အနေအထားသို့ရောက်ရှိနေပြီဟု ပြောဆိုခဲ့သည်။
ပြန်ဖွင့်ခွင့်ပြုရန်လည်း နစကကောင်စီသို့တင်ပြထားပြီး ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းပြန်ဖွင့်သွားမည်ဟုလည်း ယင်းနေ့က ပြောဆိုခဲ့သည်။
ရခိုင်တွင် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန်တို့ဖြစ်ကြသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့သည့် ကိုဗစ်တတိလှိုင်းအတွင်း ကိုဗစ်ကူးစက်မှုမပြန့်ပွားစေရန်အတွက် ဇူလိုင်လ ၁၅ ရက်မှစ၍ ယနေ့ အောက်တိုဘာ ၁၂ ရက်အထိ သုံးလနီးပါးကြာပိတ်ထားခဲ့ရသည်။
ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လအတွင်းတွင်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ပိတ်ထားခဲ့ပြီး ယခုနှစ် ၂ဝ၂၁ ခုနှစ်၊ ဧပြီလတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။
ကိုဗစ်တတိယလှိုင်းဖြစ်ပွားလာမှုကြောင့် ဇူလိုင်လအတွင်း ထပ်မံပိတ်ထားခဲ့ရခြင်းဖြစ်သည်။
ဓာတ်ပုံ - စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ်။
Photo - Tin Aung Oo

ဆက်စပ် သတင်းများ