သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး နှစ်နိုင်ငံကုန်သည်များဆွေးနွေးခဲ့မှု ဆက်လက်အကောင်အထည်ဖော်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ ဇူလိုင် ၂၂ / ၂၀၂၂
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်များဆွေးနွေးခဲ့မှုများကို လက်ရှိတွင် ဆက်လက်အကောင်အထည်ဖော်နေပြီဟု သိရသည်။
နှစ်နိုင်ငံကုန်စည်များ ပိုမိုကူးသန်းနိုင်ရန်အတွက် ရခိုင်ပြည်နယ် စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းတို့ တိုက်ရိုက်ဆက်သွယ်ကူးသန်းနိုင်ရန်ကြိုးစားနေပြီဟုလည်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI) ဥက္ကဋ္ဌ ဦးတင်အောင်ဦးက နိရဥ္စရာကိုပြောသည်။
“ကျွန်တော်တို့ ဆက်လက်ပြီးတော့ ကြိုးစားနေဆဲပါ။ ကုန်သွယ်မှုလုပ်ဆောင်ခွင့်ရဖို့ကဏ္ဍကိုတော့ သက်ဆိုင်ရာနဲ့တင်ပြပြီး ဆွေးနွေးနေရတဲ့အခြေနေရှိပါသေးတယ်”ဟု ပြောသည်။
မည်သည့်အချိန်တွင် ကုန်သွယ်မှုတိုးမြှင့်ကူးသန်းနိုင်မည်ဆိုသည်ကို လောလောဆယ် မသိရသေးဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ဦးဆောင်သော ကုန်သည်များအဖွဲ့သည် ရခိုင်မှ RSCCI ဦးဆောင်သောကုန်သည်များအဖွဲ့နှင့် စစ်တွေဟိုတယ်ခန်းမ၌ တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို RSCCI အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး ဦးဆောင်ပြီး ရခိုင်ပြည်နယ်ရှိလုပ်ငန်းရှင် ၂၇ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်နှင့် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်တို့ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလုပ်ငန်းရှင် ၉ ဦးတို့ တက်ရောက်ကာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတိုးမြှင့်လုပ်ကိုင်နိုင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဦးတင်အောင်ဦးက “အဓိကရည်ရွယ်ချက်ကတော့ အခုလက်ရှိနယ်စပ်ကုန်သွယ်ရေးထက်ကို ပိုပြီး တစ်ဆင့်မြှင့် အောင်မြင်အောင်ပေါ့လေ။ ဘင်္ဂလားနိုင်ငံဘက်ကဆိုရင် စစ်တကောင်းဆိပ်ကမ်း၊ ဒီဘက်ကဆိုရင် အနီးဆုံး စစ်တွေဆိပ်ကမ်းနဲ့ တိုက်ရိုက်ကုန်သွယ်မှုတစ်ခုလုပ်လို့ရအောင် လက်ရှိအချိန်မှာ ကြိုးစားနေဆဲအခြေအနေဖြစ်ပါတယ်” ဟုပြောသည်။
ဆွေးနွေးခဲ့မှုရလဒ်သာ အကောင်အထည်ပေါ်လာပါက နှစ်နိုင်ငံကုန်စည်စီးဆင်းမှုမှာ ယခုထက် ပိုမိုတိုးတက်လာမည်ဟုလည်း မောင်တောမှကုန်သည်တစ်ဦးဖြစ်သူ ဦးသန်းလှိုင်က ပြောသည်။
“ဆွေးနွေးတာကတော့ အိန္ဒိယဆိပ်ကမ်းကနေပြီးတော့ သင်္ဘောကြီးနဲ့ကုန်သွယ်ဖို့ပေါ့။ အဲ့လိုဖြစ်လာမယ်ဆိုရင်တော့ အဆင်ပြေလာမှာပါ။ ဘင်္ဂလားဆိပ်ကမ်းဘက်က ကုန်သွယ်ရေးက သောကြာ၊ စနေ ၂ ရက်ပိတ်တော့ ကျွန်တော်တို့က တစ်ပတ်မှာ ၅ ရက်လောက်ပဲ အလုပ်လုပ်ရပါတယ်။ ကားသမားတွေကအစ ချိန်ဆပြီးလာရပါတယ်။ ပြီးတော့ မောင်တောကုန်သွယ်ရေးအဝင်လမ်းက ယာယီလမ်းဖြစ်နေတဲ့အတွက် အဆင်မပြေပါဘူး။ လမ်းကဆိုးတော့လေ။ မိုးရာသီဆိုရင် ဝင်ရထွက်ရတာ နည်းနည်းအခက်ခဲပါတယ်”ဟု ပြောသည်။
လက်ရှိရခိုင်တွင် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း(ကညင်ချောင်း)တို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။ (NN-13)
ဓာတ်ပုံ - မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး နှစ်နိုင်ငံကုန်သည်များ စစ်တွေတွင်တွေ့ဆုံဆွေးနွေးခဲ့စဉ်။ Photo - RSCCI

ဆက်စပ် သတင်းများ