ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမှ ဘူးသီးတောင်သို့ ဇက်ရေယာဉ်တစ်စီးထွက်တိုင်း ကျပ်သိန်း ၅၀လာဘ်ထိုးရသည်ဟုသတင်းထွက်ပေါ်လာပြီးနောက် ဇက်ရေယာဉ်သွားလာခွင့်ကို ပြန်ပိတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ စက်တင်ဘာ ၃/ ၂၀၂၂

ဩဂုတ် ၁၃ ရက်နေ့ ရသေ့တောင်မြို့နယ် တောင်ပိုင်း ဒုံးပိုက်ရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနောက်ပိုင်း အငူမော်- မောင်တော ကားလမ်းကို စစ်ကောင်စီက ပိတ်ထားလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေးသို့ တင်ပို့သည့် ကားများကို ဇက်ရေယာဥ်ကို အသုံးပြုကာ စစ်တွေကနေ မေယုမြစ်အတိုင်း ဘူးသီးတောင်သို့ ပို့ဆောင်ကြရသည်ဟု သိရသည်။

ဇက်ရေယာဉ်ဖြင့် ဘူးသီးတောင်မြို့သို့ရောက်ရှိလာသည့် ကုန်တင်ကားများသည် ၁၆ မိုင်ခန့် ဝေးသည့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကို ဆက်လက်မောင်းနှင်ကာ ကုန်ပစ္စည်းများကို ထပ်မံပို့ဆောင်ကြရသည်။

သို့သော်လည်း ယခုအခါ အဆိုပါ ဇက်ရေယာဉ်များဖြင့် ဘူးသီးတောင်မြို့သို့  ကုန်တင်ကားများ ပို့ဆောင်သယ်ယူခွင့်ကို ရခိုင်ပြည်နယ် စစ်ကောင်စီနယ်လုံဝန်ကြီးက ပိတ်ထားလိုက်ပြီဟု သတင်းရရှိသည်။

ယခုကဲ့သို့ ပိတ်လိုက်ခြင်းမှာ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ဇက်ရေယာဉ် ခေါက်ရေတစ်ကြိမ် ပြေးဆွဲခွင့်ရရန် အတွက် ခွင့်ပြုချက် ပါမိတ်တစ်ခုကို ကျပ်သိန်း (၅၀) ပေးဆောင်ရသည်ဆိုသော သတင်း ဆိုရှယ်လူမှုကွန်ယက် စာမျက်နာပေါ်တွင် တက်လာသည့်အတွက် ယခုလို ပိတ်လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။  

ဟုတ်တယ်။ နည်းနည်းလေးအခွင့်အရေးရနေတာကို ဒီနေ့ ဘူးသီးတောင် လမ်းကြောင်း ပိတ်လိုက်ပြီ။ နယ်လုံဝန်ကြီးကို ဇက်ရေယာဉ်နဲ့ တစ်ခေါက် ကုန်စည်တင်တဲ့ ကားတွေပို့ဆောင်ဖို့ အတွက် ကျပ်သိန်း ၅၀ လာဘ်ပေးရတယ်လို့ ဖေ့စ်ဘုတ်မှာ သတင်း တက်လာလို့ ပိတ်လိုက်တယ်လို့ သိရတယ်။ ဒီနေ့ကစပြီး နယ်စပ်ကုန်သွယ်ရေးက ကုန်တွေကို ဘူးသီးတောင်က လှည့်ပို့လို့ မရတော့ဘူးဟု ဆိုသည်။

စက်တင်ဘာ ၂ ရက်နေ့စွဲဖြင့် BNA  သတင်းတွင်လည်း ဇက်ရေယာဉ်ကို အသုံးပြုပြီး ရေကြောင်းကနေ ကုန်စည်များကို ပို့ဆောင်ရာတွင် ရခိုင်ပြည်နယ် ကောင်စီ လုံ/နယ် ဝန်ကြီးခွင့်ပြုချက်နှင့်သာ ပို့ဆောင်ရကြောင်း၊ ကုန်ကားတစ်စီးကို လေးသိန်းခွဲနှင့် တင်ရကြောင်း၊ နယ်လုံလက်မှတ်က ဇက်ရေယာဉ်မောင်းသူကသာ လုပ်ခွင့်ရကြောင်း၊ ထိုသို့လုပ်ရာတွင် ဇက်တစ်စီးကို သိန်း လေးငါးဆယ်ပေးရကြောင်း ကုန်တင်ကားတင်ပို့သူတစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြသည်။

ထိုသို့ ဇက်ရေယာဉ်တစ်စီးကို ခေါက်ရေတစ်ကြိမ်အတွက် နယ်လုံဝန်ကြီးကို သိန်း (၅၀) ပေးရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။ ဇက်ရေယာဉ်မောင်းသူတစ်ဦးကို ဆက်သွယ်ရာတွင်လည်းဖုန်းပိတ်ထားသဖြင့် မေးမြန်း တင်ပြနိုင်ခြင်းမရရှိသေးပါ။

မောင်တောမြို့က ကုန်သည် တစ်ဦးကလည်း စစ်တွေက ဘူးသီးတောင်သို့ ပို့ဆောင်နေသည့် ဇက်ရေယာဉ် လမ်းကြောင်းကို ပိတ်လိုက်သည်မှာ မှန်ကန်ကြောင်း နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

"မနေ့က အကြောင်းကြားလာလို့ ကျနော်တို့ကားတွေကတော့ ဇက်ရေယာဉ်နဲ့ မတင်ဖြစ်ဘူး။ အခုကတော့ စစ်တွေနယ်စပ်ကုန်သွယ်ရေးကပဲ ဘင်္ဂလာကို ရသလောက်ပို့နေပါတယ်။ အဲ့ဒီလို တင်ပို့ရတဲ့အခါ အဓိက အခက်အခဲကတော့ ကျနော်တို့မှာ ကုန်စိမ်းဖြစ်တဲ့အတွက် ရေခဲလွတ်တဲ့ အချိန်တွေများတော့ ကွာလတီတွေ ကျတာမျိုးတွေ ရှိပါတယ်။ တင်ပို့တဲ့အခါမှာ အဆင်မပြေဖြစ်တာပေါ့" ဟု ပြောဆိုသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နှင့် ကုန်သွယ်ရာတွင် အရေးပါသော စခန်းတစ်ခုဖြစ်ပြီး မောင်တောမှာ နတ်မြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး တက်ကနက်မြို့မှာ နတ်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသဖြင့် ကုန်သွယ်ရာတွင် အချိန်တိုပြီး အကုန်အကျနည်းကြောင်း သိရသည်။

(ဓာတ်ပုံ- ဘူးသီးတောင်မြို့ဆိပ်ကမ်းကို မြင်တွေ့ရစဉ်)

ဆက်စပ် သတင်းများ