ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကိုရိုနာကြောင့် သံတွဲ၊ ငပလီနှင့် ဂွကမ်းခြေရှိ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်များအားလုံး ပိတ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.4k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ မတ် ၂၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ သံတွဲမြို့အပါအဝင် ငပလီကမ်းခြေနှင့် ဂွကမ်းခြေတို့ရှိ ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များအားလုံးကို ကိုရိုနာရောဂါပြန့်ပွားမှုမရှိစေရန် ပိတ်သိမ်းနေကြပြီဟု သိရသည်။

မတ်လ ၂၈ ရက်နေ့၊ ညနေ ၄ နာရီခန့်က ငပလီကမ်းခြေရှိ Amazing Hotel တွင်ပြုလုပ်သော သံတွဲ/ငပလီ/ဂွမြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ သံတွဲ/ငပလီ စည်ပင်ဥက္ကဋ္ဌများ၊ ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အားလုံးပိတ်ဖို့ သဘောတူတယ်။ လောလောဆယ်လည်း ပိတ်နေပြီ။ ဟိုတယ်တော်တော်များများက ပိတ်ပြီးသားဖြစ်နေပြီ။ နောက်တစ်ချက်က Guest House တွေလည်း ပိတ်မယ်။ တည်းခိုခန်းလေးတွေလည်း ပိတ်ရမယ်။ စားသောက်ဆိုင်အားလုံးပိတ်ရမယ်။ အဓိကတော့ ကိုဗစ်ရောဂါ ပြန့်ပွားမှုမဖြစ်အောင် ထိန်းချုပ်တာပေါ့ကျနော်တို့က။ ပြန့်ပွားမှုမဖြစ်အောင် ထိန်းချုပ်ဖို့ အတွက် ဒါတွေကို ပိတ်တာ"ဟု တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ သံတွဲမြို့နယ် ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က နိရဥ္စရာသို့ ပြောသည်။

သံတွဲနှင့် ငပလီကမ်းခြေတို့တွင် ဟိုတယ်၊ Guest House နှင့် တည်းခိုခန်းအလုံးရေပေါင်း ၉ဝ ကျော်ရှိပြီး ဂွမြို့နယ် ကမ်းသာယာကမ်းခြေရှိ ဟိုတယ်များနှင့် တည်းခိုခန်းများကိုပါပေါင်းလျှင် အလုံးရေ ၁ဝဝ ကျော်နိုင်သည်ဟု ခန့်မှန်းထားကြသည်။

အဆိုပါ ဟိုတယ်များ၊ Guest House များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များအားလုံးကို ယနေ့မှ စတင်ကာ ဧပြီလအထိ ပိတ်ထားကြရန်လောလောဆယ်ဆုံးဖြတ်ထားကြပြီး Covid – 19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှု မတားမြစ်နိုင်သေးသရွေ့ ဆက်လက်ပိတ်သိမ်းသွားဦးမည်ဟုလည်း တက်ရောက် ခဲ့သူများက ပြောသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ငပလီဇုန်ဟိုတယ်မန်နေဂျာများအသင်းဥက္ကဋ္ဌ ဒေါ်သိမ့်သိမ့်ထွေးက "အကုန်လုံးကတော့ သဘောထားကတော့ ပိတ်သင့်ပါတယ်ပေါ့နော်။ အဲလိုမျိုးပြောတယ်။ အဲဒီတော့ ဧည့်သည်တွေကို တကယ်လို့ လာခဲ့တယ်ဆိုရင် ဘယ်လို လုပ်မလဲဆိုတော့ သူတို့က လဝကကတော့ လေယာဉ်နဲ့လာရင် ပြန်လွှတ်မယ်။ လေယာဉ်နဲ့ပြန်လွှတ်မယ်။ တကယ်လို့ ကားနဲ့လာရင် ကားဂိတ် တွေကနေပြီးတော့ တစ်ခါတည်း ဂိတ်ကနေပြီးတော့ ပြန်လွှတ်မယ်ပေါ့နော်။ ရန်ကုန်မှာကတည်းကနေ လက်မှတ်တွေ မရောင်းဘူး။ အဲဒီကိစ္စတွေ သူတို့ ဆက်ဆွေးနွေးမယ်လို့ ပြောတယ်ရှင့်"ဟု နိရဥ္စရာကိုပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး နောက်ဆုံးတွေ့ရှိခဲ့သည့် အသက် ၆ဝ အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးနှင့် ပြင်သစ်နိုင်ငံသား (၇)ဦး တည်းခိုခန်းနေထိုင်ခဲ့သည့် ငပလီကမ်းခြေရှိ သံတဲဟိုတယ်ကိုလည်း မတ်လ ၂၈ ရက်နေ့မှစတင်ကာ အဝင်အထွက်တားမြစ်ကန့်သတ်လိုက်ပြီဖြစ်သလို ဟိုတယ်တွင်းရှိ ဝန်ထမ်းများအားလုံးကိုလည်း ဟိုတယ်တွင်းတွင် ၁၄ ရက်ကြာစောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။

"သံတဲ (Thande Beach Hotel) ကမ်းခြေ ဟိုတယ်မှာ အခု ဒီ Guide အစ်မကြီးလေ။ နောက်ဆုံးတွေ့တဲ့ အဲဒီ Guide အစ်မကြီးနဲ့ လည်ခဲ့တဲ့ ဧည့်သည်က သံတွဲမှာ ၂၂ ကနေ ၂၅ မှာ တည်းသွားလို့ အဲဒါနဲ့ Lockdown ချလိုက်တယ်။ အဲလို ဝန်ထမ်းတွေအကုန်လုံးကိုလည်း Quarantine လုပ်လိုက်တယ်။ ဝန်ထမ်းတွေလည်း ၁၄ ရက်ပေါ့နော်။ Lockdown ချလိုက်တာတော့ ဟုတ်တယ်။ Positive , Negative တော့ မသိဘူးပေါ့။ ဒါပေမယ့် သံတဲကိုတော့ ဆေးဖြန်းတယ်။ Lockdown ချလိုက်တယ်။"ဟု ဒေါ်သိမ့်သိမ့်ထွေးက ဆက်ပြောသည်။

သံတဲဟိုတယ်အတွင်း တည်းခိုလျက်ရှိသည့် နိုင်ငံခြားသား ၆ ဦးကိုလည်း ယနေ့ ပြန်လွှတ်လိုက်ပြီဟု သိရသည်။

ကိုရိုနာဗိုင်းရပ်ရောဂါသည် လူစုလူဝေးမှတဆင့် ကူးစက်တတ်သည့်ရောဂါဖြစ်သည့်အတွက် ရခိုင်ပြည်နယ် အတွင်း အစိုးရဌာနဆိုင်ရာများအပါအဝင် လူမှုအဖွဲ့အစည်းများအနေဖြင့် လူစုလူဝေးဖြင့် ပြုလုပ်ရသည့် အခမ်းအနားများနှင့် ပွဲလမ်းသဘင်များကို မတ်လ ၂၃ ရက်နေ့မှ ဧပြီ ၃ဝ ရက်နေ့အထိ မပြုလုပ်ကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ထားသည်။

ယင်းအပြင် ရခိုင်ရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိက ဘော်ဒါဆောင်များနှင့် မူကြိုကျောင်းများကိုလည်း ဧပြီ ၃ဝ ရက်နေ့အထိ ယာယီပိတ်ထားကြရန် ဝန်ကြီးချုပ်၏ အမိန့်က ဆိုသည်။

ကိုရိုနာဗိုင်းရပ်ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်မြို့မှတဆင့် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွက် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားနေသူ (၈)ဦးအထိရှိနေပြီဖြစ်ပြီး စောင့်ကြည့်/သံသယလူနာပေါင်း ၄၂၆ ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲဦးရေ ၁၇ ဦးရှိနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီအထိ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၇ဝ ကျော်ရှိ လူဦးရေ ၆ သိန်းကျော်တွင် အဆိုပါရောဂါကူးစက်ပြန့်ပွားလျက်ရှိနေပြီး ယင်းအနက် ပြန်လည်ကောင်းမွန်လာသူ တစ်သိန်းသုံးသောင်းကျော်နှင့် သေဆုံးသူ နှစ်သိန်းခုနစ်သောင်းကျော်သွားပြီဟု အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်၏ လေ့လာချက်တွင် ဖော်ပြထားသည်။

Photo - Ariyan Nwe


















Photo - Ariyan Nwe

ဆက်စပ် သတင်းများ