ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူတစ်ဦး စတင်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ မေ ၁၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူတစ်ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် သတင်းထုတ်ပြန်လိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါရှိသူမှာ သံတွဲမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အသွားအလာကန့်သတ်မှု (Quarantine)ခံယူနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်သည်။ သူသည် သံတွဲမြို့နယ်ဇာတိဖြစ်ပြီး မလေးရှားမှ မကြာသေးခင်က ပြန်လည်ဝင်ရောက်လာသူဖြစ်သည်ဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုထားသည်။

"ဒီသတင်းကြောင့် သံတွဲမြို့မှာတော့ ဂယက်ရိုက်နေကြတယ်ပေါ့။ ဂယက်ရိုက်နေကြဆိုတာက အံ့သြသွားကြတယ်ပေါ့။ သံတွဲတောင်မဟုတ်ဘူး။ တောင်ကုတ်က လူတွေကလည်း အံ့သြသွားကြတယ်ပေါ့။ မထင်မှတ်ဘဲ သံတွဲမှာ ဒီလိုဖြစ်သွားတော့ လူတွေက စိုးရိမ်မှုတော့ အရင်ထက် လွန်ကဲသွားတယ်ပေါ့။"ဟု သံတွဲမြို့ခံ ကိုနီထွန်းအောင်က နိရဥ္စရာသို့ပြောသည်။

ယနေ့ပိုးတွေ့ရှိခဲ့သည့် လူနာအမှတ် ၁၈၈ သည် မေလ ၁၆ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ လူနာအမှတ် ၁၈၂ နှင့် လေယာဉ်တစ်စီးတည်းစီးနင်းလာသူဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါရှိသူ ၁၈၈ ဦးရှိပြီဖြစ်ပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကာ ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်လာသူ ၁ဝ၁ ဦးရှိပြီဟုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။


ဆက်စပ် သတင်းများ