သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုရိုနာဗိုင်းရပ်စ်နမူနာအား စစ်တွေတွင် ပထမဆုံး စတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.9k

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၁၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ကိုရိုနာဗိုင်းရပ်စ်နမူနာအား သြဂုတ် ၁၇ ရက်နေ့မှ စတင်ကာ ပထမဆုံးစစ်ဆေးခဲ့သည်ဟု စစ်တွေဆေးရုံကြီးမှ ဒေါက်တာ ရီမွန်တင်က ပြောသည်။

 “နှာခေါင်း တို့ဖတ် နဲ့ အာခေါင် တို့ဖတ်ယူပြီးတော့ ဒီမှာ မနေ့က  စစစ်ပါတယ်။ အမျိုးသားဓါတ်ခွဲခန်းကိုလည်း ပို့ပြီး စစ်မှာပါ။ လူတစ်ယောက်ရဲ့ နမူနာကို ဒီစက်မှာတစ်ခါစစ်မယ်။ ဒီမှာတစ်ခါစစ်ပြီးရင် အမျိုးသား ဓါတ်ခွဲခန်းကို ပို့ပြီးတစ်ခါ စစ်မယ်ပေါ့။ ဒီမှာ Positive ပေါ်တယ်ဆိုရင်လည်း အဲဒီမှာလည်း ပေါ်မယ်ပေါ့↔ဟု ဒေါက်တာ ရီမွန်တင်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ စက်မှာ စစ်တွေမြို့သို့ လွန်ခဲ့သည့် နှစ်ပတ်ခန့်က စတင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့တွင် သံသယလူနာနှစ်ဦးအား စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ ရီမွန်တင်က ဆက်ပြောသည်။

“ဒီနေ့ကစပြီး ပထမဆုံးပေါ့နော် သံသယရှိ လူနာနှစ်ယောက်ကို စစ်သွားဖို့ရှိတယ်။ ဒီနေ့မှစပြီး လုပ်ကြည့်မှာပေါ့။ CB ဘဏ်က လူနာရဲ့အမေနဲ့ အိမ်မှာအတူနေတဲ့ ကလေးလေးတစ်ယောက်ရယ်ကို စစ်မှာပေါ့နော်။ စက်ကတော့ ရောက်လာပြီ။ အခန်းတွေဘာတွေလည်း ပြင်ဆင်ပြီးတော့ စက်လည်းချထားပြီ။ လေ့ကျင့်တာတွေပြီးသွားပြီဆိုတော့သံသယရှိလူနာတွေနဲ့ သူတို့ရဲ့အနီးကပ်ထိတွေ့လူနာတွေကို စစ်ပေးဖို့ လုပ်ထားပါတယ်↔ ဟု ဒေါက်တာ ရီမွန်တင်က ပြောသည်။

ယခု စစ်တွေဆေးရုံကြီးသို့ ရောက်ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါစစ်ဆေးသည့် စက်မှာ တစ်နေ့လျှင် အများဆုံး လူခြောက်ဦးခန့်အတွက်သာ စစ်ဆေးနိုင်ကြောင်း ဒေါက်တာ ရီမွန်တင်က ဆက်ပြောသည်။

“တစ်ခါစစ်ရင် နှစ်ယောက်ကို ၄၅ မိနစ်ကြာမယ်။ အများကြီးတော့ စစ်လို့မရဘူးပေါ့နော်။ ဒါပေမယ့် အများကြီးစစ်ရမယ်ဆိုရင်တော့ ခြောက်ယောက်လောက်အထိ စစ်နိုင်တယ်ပေါ့။ နမူနာကို စစ်တာနဲ့ အဖြေကတော့ ချက်ချင်းထွက်တယ်ပေါ့။ ဒါပေမယ့် သတင်းကို Report လုပ်ရမှာနဲ့ ဘာတွေနဲ့ဆိုရင်တော့ အချိန်က တစ်ရက်လောက်တော့ ကြာမယ်ပေါ့ ↔ဟု ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့ ဓညဝတီ (ခ) ရပ်ကွက်နေသူ အသက် (၂၆) နှစ်အရွယ် CB ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ရပြီး သူမနှင့် ဆက်စပ်သူ နှစ်ဦး၏ နမူနာအား စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၄င်းအမျိုးသမီးနှင့် ထိတွေ့သူများဖြစ်သည့် မိခင်ဖြစ်သူအပါအဝင် မိသားစုဝင်များမှာ စစ်တွေပြည်သူ့ဆေးရုံကြီး၌ Quarantine အသီးသီးဝင်နေကြရကြောင်း ဒေါက်တာ ရီမွန်တင်က ဆက်ပြောသည်။

ယမန်နေ့က ကိုရိုနာရောဂါတွေ့ရှိသူအမျိုးသမီး၏ နမူနာအား ရန်ကုန်သို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် CB ဘဏ်အား ခေတ္တပိတ်ထားပြီး ဘဏ်ဝန်ထမ်းများအပါအဝင် အဆိုပါ အမျိုးသမီးနှင့် ထိတွေ့သူများအား ကျန်းမာရေးဌာတို့၌ အသီးသီးထားရှိကာ စောင့်ကြည့်လျှက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ