စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

၂လတာ ကြာမြင့်မည့် ညမထွက်ရအမိန့် ရခိုင်မြို့နယ်များအားလုံးတွင်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ရေးအတွက် မြို့နယ်များအားလုံးတွင် ၂ လတာ ကြာမြင့်မည့် ညမထွက်ရအမိန့်ကို စက်တင်ဘာ ၂ ရက်နေ့၌ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “ အရင်က ထုတ်ထားတဲ့ မြို့နယ် တစ်ချို့ရှိတယ်။ အဲဒီမြို့နယ်တွေမှာတော့ ထုတ်စရာ မလိုဘဲ ကျန်မြို့နယ်တွေမှာ မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောကြားသည်။

ညမထွက်ရ အမိန့်မှာ  ည ၉ နာရီမှ နံနက် ၄ နာရီထိ ဖြစ်သည်။

 “ဒီ ည မထွက်ရ အမိန့်ကို ပြည်ထောင်စုက ထုတ်ပေးရတယ်ပေါ့။ အဲဒါကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက တာဝန်ယူ လက်မှတ်ရေးထိုးရတယ်။ ကိုဗစ်တွေ့တဲ့ မြို့နယ်တွေ အကုန်လုံးပါမယ်။ မြို့နယ်တိုင်းက ည မထွက်ရ အမိန့် တစ်ချိန်တည်းပဲ” ဟု ဦးဝင်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားနေသော စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ကျောက်ဖြူနှင့် ဂွမြို့နယ်တို့သာမက ကိုဗစ်ရောဂါ ဖြစ်ပွားမှု မရှိသော ရမ်းဗြဲမြို့နယ်တွင်လည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်ဟု သိရသည်။

အဆိုပါ အမိန့် ထုတ်ပြန်ချက်အသီးသီးတို့တွင် သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စမှအပ ည ၉ နာရီမှ နံနက် ၄ နာရီထိ ည မထွက်ရဟု ပါရှိသည်။

ယင်းအမိန့်မှာ အများပြည်သူအကျိုးငှာ ရည်ရွယ်၍ ထုတ်ပြန်သည့် အမိန့်ဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ထုတ်ပြန်ချက်တို့တွင် ဖော်ပြထားသည်။

အဆိုပါ အမိန့်မှာ (၂) လ အတည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲမြို့နယ်မှ အပ ကျန် မြို့နယ် ၁၆ ခုတို့တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူများကို တွေ့ရှိခဲ့ရပြီး  သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၂ ရက်နေ့ ည ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၄၄၉ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ