စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် H1N1 သံသယရှိလူနာ ၃၆ဦးကို စစ်ဆေးခဲ့၊ တွေ့ရှိခဲ့သူများ နေကောင်းသွား၍ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 10k

မြတ်နှင်းခင်
နိရဥ္စရာ၊ ဇူလိုင် ၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်တွင် H1N1 သံသယရှိသူ ၃၆ ဦးကို စစ်ဆေးခဲ့ရာ စစ်တွေ ဆေးရုံကြီးတွင် တစ်ဦးတွေ့ရှိခဲ့ရပြီး ယခုအခါ ၎င်းလူနာမှာ နေကောင်းသက်သာ သွားပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ အသက် (၁၅) နှစ်အရွယ် လူငယ်တစ်ဦးတွင် H1N1 ရောဂါပိုးတွေ့ရှိ၍ ဇွန်လ ၂၈ ရက်နေ့က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံခဲ့ရသော်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်သွားပြီဖြစ်သည့်အတွက် ဇူလိုင်လ ၁ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 “ကျွန်တော်တို့ ဇွန်လ ၂၄ရက်နေ့ ကစပြီး ရာသီပေါ်တုပ်ကွေး လက္ခဏာနဲ့ ဆေးရုံတက်လာတဲ့ သံသယရှိတဲ့ လူနာတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန(ရန်ကုန်)ကို နမူနာပို့ပြီးတော့ စစ်တဲ့အခါ ၂၈ရက်နေ့က အသက်၁၅နှစ် ကလေးတစ်ယောက် မှာ တွေ့တာပေါ့နော်၊ ဒါပေမယ့် သူက သက်သာပြီးတော့ ၁ရက်နေ့လောက် ကတည်းက ဆေးရုံက ဆင်းသွားပါပြီ”ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တိုးချဲ့ကာကွယ်ဆေး/ ကူးစက်)မှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

စစ်တွေတွင် H1N1 ရောဂါသံသယရှိသည့် လူနာများကို ဇွန်လ ၂၄ ရက်နေ့မှစပြီိး စစ်တွေဆေးရုံကြီး၌ သီးသန့် အဆောင်တွင်ထား၍ ဆေးကုသနေသော်လည်း ၄င်းတို့တွင် ယခုအချိန်ထိ H1N1 ရောဂါပိုး မတွေ့သေးကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ယခုနှစ် အစောပိုင်းက ရခိုင်တစ်ပြည်နယ်လုံးတွင် H1N1 ရှိ/မရှိ သံသယရှိလူနာ ၃၆ ဦးကို စစ်ဆေးခဲ့ရာ ဧပြီလက မာန်အောင်တွင် H1N1 လူနာ တစ်ဦးတွေ့ရှိခဲ့ပြီး အဆိုပါလူနာအား ဆေးကုသပေးခဲ့မှုကြောင့် ယခုအခါ ကျန်းမာရေးကောင်းမွန်သွားပြီဖြစ်ကြောင်း သိရသည်။

 “ဒီH1N1 ရောဂါပိုးဟာ လေကနေ ကူးစက်တာမျိုးမဟုတ်ဘဲ သူ့ရဲ့ အမှုန်အမွှားက နည်းနည်းကြီးတယ်၊ ဒါကြောင့် ချောင်းဆိုး၊ နှာချေလိုက်တဲ့ အခါ အကွာအဝေး အဝေးကြီးမရောက်ဘူး။ ရောဂါရှိတဲ့လူ ချောင်းဆိုး လိုက်တဲ့ တံတွေး၊ သလိပ် တွေထိကပ်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ စာပွဲခုံတွေ၊ လက်ကိုင်တွေ၊ ပိုက်ဆံတွေကို ကိုင်မိလို့ရှိရင် ပြန်ပီးတော့ လက်မဆေးဘဲ အစားအသောက်တွေ စားမိခဲ့လို့ရှိရင် ရောဂါပိုး ကူးစက် နိုင်ပါတယ်။ ကာကွယ်ဖို့ဆိုရင် အပြင်သွားတယ်၊ တစ်ခုခုနဲ့ကိုင်တွယ် ထိမိခဲ့ရင် လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာဆေးဖို့လိုတယ်။ နေမကောင်းတဲ့ သူဆိုရင် မိမိကိုယ်တိုင် ချောင်းဆိုးတယ်၊ တုပ်ကွေးရောဂါ လက္ခဏာ ခံစားနေလို့ထင်ရင် ပုဝါနဲ့ အုပ်ပြီးတော့ ချောင်းဆိုး၊ နှာချေကြပါ လို့အကြံပြုချင်ပါတယ်” ဟုဒေါက်တာ စိုးဝင်းပိုင်မှ ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ်အတွင်း ရာသီတုပ်ကွေးရောဂါ H1N1 ရောဂါပိုးတွေ့ရှိသူ ၁၄၁ ဦးရှိပြီး ယင်းအနက် သေဆုံးသူဦးရေ ၂၉ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ် သတင်းများ