အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမြို့ပေါ်တွင် ရာသီတုတ်ကွေး(H1N1)ကူးစက်ရောဂါကာကွယ်ဆေး မလုံလောက် ဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

နီမင်းထွန်း
နိရဥ္စရာ ၊ သြဂုတ် ၁၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရာသီတုတ်ကွေး(H1N1)ကူးစက်ရောဂါကာကွယ်ဆေးဝါး မလုံလောက် ဖြစ်နေကြောင်း သတင်းရရှိသည်။

သို့အတွက် ကိုယ်ခံရည်အားနည်းသည့် အသက် ၃နှစ်ပြည့် မှ ၅နှစ်ပြည့် ကလေးများကိုသာ ကာကွယ်ဆေးထိုးပေးနိုင်ပြီး အသက် ၅ နှစ်အထက်ကလေးများနှင့် လူကြီးများကို ထိုးပေးရန် ဆေးမလုံမလောက်ဖြစ်နေကြောင်း အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျွန်မတို့ ရာသီတုတ်ကွေး(H1N1)ကူးစက်ရောဂါကာကွယ်ဆေးတွေကို စစ်တွေမြို့က ရပ်ကွက်တိုင်းမှာ ဒီလသြဂုတ် ၁၅ ရက်ကစပြီး ၁၉ရက်အထိ ထိုးပေးသွားမှာဖြစ်ပါတယ်။ လူကြီး လူငယ်အကုန်လုံးကို (H1N1) ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးချင်ပေမယ့်  ဆေးဝါး မလုံလောက်တာကြောင့် ကိုယ်ခံရည်အားနည်းတဲ့ အသက် ၃ နှစ်ပြည့် နှင့် ၅ နှစ်ပြည့် အရွယ်တွေကိုပဲ ဦးစားပေးပြီး ကာကွယ်ဆေးထိုးပေးနေရတယ်” ဟု အမည်မဖော်လိုသူ ၎င်းကျန်းမာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရာသီတုတ်ကွေးဖြစ်သော H1N1 ရောဂါသည် မိုးဦးပိုင်းနှင့် ဆောင်းဦးပိုင်းစသည့်ရာသီများတွင် အဖြစ်များပြီး စစ်တွေမြို့ပေါ်တွင်လည်း သွေးစစ်ဆေးချက်များအရ ရာသီတုတ်ကွေး (H1N1) ရောဂါ ကူးစက်ခံထားရသူမှာ ၅ ဦးခန့် ရှိနေပြီဖြစ်သည့်အတွက်ကြောင့် ရောဂါဖြစ်ပွားနှုန်း ပြန့်ပွားမှု မရှိစေရန် ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်ဟု  သူမက ပြောဆိုသည်။

“ ရာသီတုတ်ကွေး(H1N1)ရောဂါဟာ မိုးဦး ၊ ဆောင်းဦး အဲလိုရာသီတွေမှာ အဖြစ်များတယ်။ စစ်တွေမြို့ပေါ်မှာလည်း သွေးစစ်ဆေးချက်အရ လူ ၅ယောက်လောက် ရာသီတုတ်ကွေး (H1N1) ရောဂါ ကူးစက်ခံနေရတယ်။ ဒါကြောင့် ပိုပြီးမပြန့်ပွားရအောင် ကာကွယ်ဆေးထိုးပေးနေတာ” ဟု ဆက်လက်ပြောကြားသည်။
 
ရာသီတုတ်ကွေး(H1N1)ရောဂါသည် ကူးစက်ရောဂါဖြစ်၍ သားသမီးများဆီသို့ ကူးစက်မည်ကို စိုးရိမ်သောကြောင့် ယခုလို ကာကွယ်ဆေးလာရောက်ထိုးပေးခြင်းဖြစ်ကြောင်းနှင့် အခြားသော မိဘများအနေဖြင့်လည်း မိမိ၏ သားသမီးများကို ကာကွယ်ဆေးလာရောက်ထိုးပေးသင့်ကြောင်း သားဖြစ်သူကိုခေါ်ယူ၍ ကိုယ်တိုင်လာရောက် ဆေးထိုးခိုင်းသူ (အ.လ.ပြ)၊ အ.ထ.က(ခွဲ) ရေတပ်ကျောင်းမှ ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်ဦးခင်မြက ပြောသည်။

“H1N1 ရောဂါဟာ ကူးစက်ရောဂါဖြစ်တယ်။ ဒါကြောင့် ကိုယ့်သားသမီးများဆီ H1N1 ရောဂါ ကူးစက်သွားမည်ကို စိတ်ပူလို့ ကာကွယ်ဆေးလာထိုးပေးတာဖြစ်တယ်။ တခြားသူများလည်း ကိုယ့်သားသမီးကို ခေါ်ပြီး ကာကွယ်ဆေးလာထိုးသင့်တယ်” ဟု ပြောသည်။

ဤရာသီတုတ်ကွေး(H1N1)ရောဂါသည် မွေးကင်းစကလေးသူငယ်မှစ၍ လူကြီးလူငယ်မရွေး ကူးစက်နိုင်သောရောဂါတစ်မျိုးဖြစ်သော်လည်း လက်ရှိတွင် ဆေးဝါးလုံလောက်မှုမရှိသောကြောင့် ကိုယ်ခံရည်အားနည်းသော အသက် ၃ နှစ်မှ ၅ နှစ်ပြည့်အထိသာ ကာကွယ် ဆေးထိုး ပေးနိုင်ခြင်း ဖြစ်ကြောင်း သိရပါသည်။

ဆက်စပ် သတင်းများ