စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

လူ ၅ဝဝဝ ခန့် အားကိုးနေရသည့် တောင်ကုတ်ပန်းတင်ကျွန်းတိုက်နယ်ဆေးရုံ ဆရာဝန်နှင့်သူနာပြုများမရှိ၍ အခက်အခဲများနှင့်ကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4.2k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းမှ လူ ၅ဝဝဝ ခန့် အားကိုးနေရသည့် ငမောက်ချောင်း တိုက်နယ်ဆေးရုံ တွင် ဆရာဝန်နှင့်သူနာပြုများ မရှိသဖြင့် အရေးပေါ်လူနာများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အခက်ကြုံတွေ့နေကြကြောင်း ကျေးရွာလူကြီးများက ပြောဆိုသည်။

ပန်းတင်ကျွန်း၊ အရှေ့ဖက်ကျေးရွာအုပ်စုတွင်နေထိုင်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး မမော်မော်ဝင်းက “ဒီမှာ ဒုက္ခရောက်နေကြတယ်။ ဆေးရုံပိတ်ထားလို့။ ရွာကဆရာမနဲ့ ဖြစ်သလို ပြနေရတယ်။ ကိုယ့်မှာကလည်း တောင်ကုတ်ကို သွားဖို့လမ်းစရိတ် မရှိဘူး။ တစ်ခါသွားမွေးရင် လေးငါးသိန်းကုန်ကြတယ်။ နေ့စေ့လစေ့နဲ့ တောင်ကုတ်ကို မိုးတွင်းမှာ သွားဖို့ လမ်းခရီးမှာ အခက်အခဲဖြစ်တယ်။  ငွေကြေးမရှိလို့လည်း အခက်အခဲ ဖြစ်နေပါတယ်။ ဆေးရုံကို ပြန်ဖွင့်ပေးစေချင်တယ်။ ကိုယ့်ရွာမှာပဲ မွေးချင်တယ်”  မမော်မော်ဝင်းက ဟုပြောသည်။

၄င်းဆေးရုံမှာ ၁၆ ကုတင်ဆန့်တိုက်နယ်ဆေးရုံဖြစ်ပြီး ယင်းဆေးရုံတွင် မေလ ၃ဝ ရက်နေ့မှ စ၍ ဆရာဝန်၊ သူနာပြုများ မရှိတော့သဖြင့် ပိတ်ထားသည့်အတွက် ကျေးရွာအုပ်စု ၁၂ ရွာမှ ကျန်းမာရေး ထိခိုက်နေသည့် ဒေသခံများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ အခက်အခဲဖြစ်နေကြောင်း ပန်းတင်ကျွန်း အရှေ့ဖက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးချစ်ကျော်က ပြောသည်။

“တောင်ကုတ်မြို့ဆေးရုံမှာ ဆရာဝန် လိုအပ်ရင် ဒီမှာမလိုအပ်ဘူးလား။ ဟိုတစ်ရက်ကလည်း ဆိုင်ကယ် မတော်တဆ အက်ဆီးဒင့် ဖြစ်တယ်။ အဲဒီဆေးရုံနားမှာပဲ။ တောင်ကုတ်ကို ညတွင်းချင်းပို့ရတယ်။ အခက်အခဲ ဖြစ်ခဲ့တယ်။ အရေးပေါ်လူနာတွေဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီမှာကျန်ခဲ့တဲ့ သူနာပြုလေး နှစ်ယောက်ကိုတောင် မြို့ပေါ်ကို ခေါ်သွားတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ယူဆတယ်” ဟု ဦးချစ်ကျော်က ပြောသည်။

၄င်းတိုက်နယ်ဆေးရုံကို အားကိုးနေရသည်မှာ ပန်းတင်ကျွန်းရှိ ကျေးရွာ ၁၂ ရွာ အပါအဝင် အနီးအနားကျေးရွာ ၅ ရွာနှင့် ဆိုလျှင် စုစုပေါင်း ၁၇ ရွာရှိကြောင်း၊ ယင်းအထဲတွင် ကို်ယ်ဝန်ဆောင် ၁၅ဝ ဦးနီးပါးရှိနေကြာင်း၊ တောင်ကုတ် မြို့နှင့် ရေမိုင် ၁၃ မိုင်ခန့်ကွာဝေးကာ သွားလာရခက်ခဲကြောင်း၊ ဒေသခံများအနေဖြင့် အရေးပေါ်အခြေအနေများတွင် တောင်ကုတ်ဆေးရုံသို့ သွားနေကြရသဖြင့် ငွေကြေးအကုန်အကျများခြင်း၊ ရေကြောင်းခရီးဖြင့် သွားလာရသဖြင့် ခရီးကြန့်ကြာကာ မိုးရာသီဖြစ်၍ အန္တရာယ် ဖြစ်မည်ကို စိုးရိမ်မိကြောင်း ၄င်းကဆက်ပြောသည်။

အဆ်ိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာလှထွန်းဇော်က “ပိတ်ထားတာမဟုတ်ဘူး။ အဲဒီမှာ ကျေးလက်ကျန်းမာရေးဌာနခွဲကြီး တစ်ခုနဲ့ ဌာနခွဲအငယ်တွေရှိတယ်။ အဲဒီမှာပြလို့ရတယ်။ အဲဒီမှာတစ်ခုခုအဆင်မပြေတာရှိရင် တောင်ကုတ်ကို ကူးရမယ်လို့ပြောထားတယ်လေ။ အဲဒီမှာ ဆရာဝန်က မရှိတာက ကြာပြီ။ သူနာပြုတွေကို ပြန်ချပေးဖို့ရှိတယ်။ အဲဒီဟာက အပေါ်က ညွှန်ကြားချက်နဲ့ လုပ်ရမှာပဲ” ဟုပြောသည်။

လွန်ခဲ့သည့် ဇွန်လ ၃ ရက်နေ့က ၄င်းဒေါက်တာလှထွန်းဇော်အား နိရဥ္စရာသတင်းဌာန၏ မေးမြန်းချက်တွင် အဆိုပါ ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ကြာပြီဖြစ်ကာ ကျန်ရှိနေသည့် သူနာပြုနှစ်ဦးအား လွန်ခဲ့သည့် လက တောင်ကုတ်ဆေးရုံတွင် အင်အားလုံလောက်ခြင်းမရှိသဖြင့် ခေါ်ထားရခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အဆိုပါ ငမောက်ချောင်းတိုက်နယ်ဆေးရုံကို ၂ဝ၁၉ ခုနစ်ဇွန်လ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအချိန်က ဆရာဝန်၊သူနာပြု ၊ကျန်းမာရေးဝန်ထမ်း စုစုပေါင်းကိုးဦး ရှိခဲ့ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လိုအပ်နေသည့် ဆရာဝန်ဦးရေ ၁၃ဝ၃ ဦးရှိကြောင်း မေလ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင်လည်း လိုအပ်နေသည့် ဆရာဝန် ၁ဝ၅ ဦးအတွက် အလုပ်ခေါ်ယူရာ ဆရာဝန် ၃ ဦးသာလျှောက်ထားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ