ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဆောက်လုပ်ပြီးစီးသည်မှာ ၅ နှစ်ခန့်ကြာပြီဖြစ်သည့် ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်းတိုက်နယ်ဆေးရုံကို ဖွင့်လှစ်ပေးရန် ဒေသခံများတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁/ ၂ဝ၂၁
ဆောက်လုပ်ပြီးစီးသည်မှာ ၅ နှစ်ခန့်ကြာပြီဖြစ်သည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း၊ မင်းဂံအုပ်စု မင်းဂံကျေးရွာရှိ တိုက်နယ်ဆေးရုံကို ဖွင့်လှစ်ပေးရန် ဒေသခံများက တောင်းဆိုနေကြကြောင်း သိရသည်။
အဆိုပါတိုက်နယ်ဆေးရုံကို မရဇိုင်းကျွန်းနှင့် မြို့ချောင်းကျွန်း ကျေးရွာအုပ်စုနှစ်ခုပေါင်းအတွက် လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လတွင် ပြီးစီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဆောက်လုပ်ပြီးစီးနေသည်မှာ ၅ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုထိ ဖွင့်လှစ်ပေးခြင်းမရှိသေးသည့်အတွက် အမြန်ဆုံးဖွင့်လှစ်ပေးရန် ဒေသခံများက တောင်းဆိုနေကြခြင်းဖြစ်သည်။
မရဇိုင်းကျွန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးရွှေနီက “ကျွန်တော်တို့မရှိဆင်းရဲသားတွေက ကျောက်ဖြူကိုသွားဖို့မလွယ်ဘူးလေ။ လယ်လုပ်တဲ့လူတွေ၊ ငါးရှာ၊ ဖားရှာလုပ်စားတဲ့လူတွေကများတော့လေ။ ဒီဆေးရုံကြီးကို အမြန်ဆုံးဖွင့်လှစ်ပေးစေချင်တယ် ” ဟု ပြောသည်။
၄င်းတို့အနေဖြင့် ရခိုင်ပြည်နယ်အစိုးရ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဆရာဝန်ကြီးများထံသို့ ၂ဝ၁၈ ခုနှစ်က တင်ပြတောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိခဲ့ဟုလည်း ဒေသခံများက ပြောသည်။
မရဇိုင်းကျွန်း၊ မင်းဂံကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်စိုးစိုးမြင့်ကလည်း အဆိုပါတိုက်နယ်ဆေးရုံကို ဖွင့်လှစ်ခြင်းမရှိသေးသည့်အတွက် မရှိဆင်းရဲသားများအနေဖြင့် ကျောက်ဖြူသို့သွားရောက်ဆေးမကုနိုင်၍ အသက်သေဆုံးခဲ့မှုများလည်း ရှိခဲ့သည်ဟု ပြောသည်။
“ကျွန်မကိုယ်တိုင်လည်း ဟိုတလောက နေမကောင်းဖြစ်ပါတယ်။ နေမကောင်းဖြစ်ရင် သွားပြဖို့ ကျောက်ဖြူနဲ့လည်းဝေးတယ်။ စက်လှေနဲ့သွားရတယ်။ မရှိဆင်းရဲတဲ့လူတွေက မသွားနိုင်ဘူး။ တစ်ခါတလေ လမ်းထက်ဝက်မှာ သေတဲ့လူတွေလည်းရှိတယ်။ ဟိုတလောကလည်း ကလေးတွေ အသက်ကြီးပိုင်းတွေသေကြတယ်ရှင့်။ ကိုဗစ်ကာအတွင်းမှာ သေဆုံးတာများပါတယ်။ ရွာမှာတာဝန်ကျနေတဲ့ကျန်းမာရေးမှူးကတော့ ကိုဗစ်လို့တော့ မပြောဘူးရှင့်။ တုပ်ကွေးလို့ပြောတယ် ”ဟု ပြောသည်။
အဆိုပါတိုက်နယ်ဆေးရုံ အမြန်ဆုံးဖွင့်လှစ်နိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်းများကို တောင်းခံထားသည်ဟုလည်း ကျောက်ဖြူမြို့ဆေးရုံအုပ် ဒေါက်တာရဲလွင်မောင်က ပြောသည်။
“ကျွန်တော်တို့ဆေးရုံအတွက်ပစ္စည်းတွေတောင်းထားပါတယ်ခင်ဗျ။ ဖွင့်ဖို့ခန့်မှန်းခြေ လျာထားတာမရှိသေးဘူး။ ဝန်ထမ်းတွေကလည်း ဆေးရုံသုံးပစ္စည်းတွေရမှ ဆက်လုပ်ရမဲ့ကိစ္စတွေပေါ့။ ကျွန်တော်တို့လည်း အမြန်ဆုံးဖွင့်နိုင်အောင်တော့ လုပ်နေပါတယ်”ဟု ပြောသည်။
အဆိုပါတိုက်နယ်ဆေးရုံသည် ခုတင်(၅ဝ)ဆံ့ဆေးရုံဖြစ်ပြီး ကျပ်သိန်းပေါင်း ၆ ထောင်ကျော် အကုန်အကျခံကာ အစိုးရက တည်ဆောက်ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။
ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်းနှင့် မြို့ချောင်းကျွန်းနှစ်ခုတွင် ကျေးရွာ(၆ဝ)ခန့်ရှိသည်ဟု သိရသည်။ ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်ဝေးပြီး ရေလမ်းခရီးတစ်ခုတည်းသာ အားကိုးနေရသည့်ဒေသဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
Photo - Ko Shwe Ni


ဆက်စပ် သတင်းများ