ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ၁၁ လအရွယ်ကလေးငယ် ၁ ဦး ဆေးထိုးခံရပြီးနောက် သေဆုံးသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ၊ ဇွန် ၁၀ /၂၀၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ၁၁ လအရွယ် ကလေးငယ် ၁ ဦးသည် ယမန်နေ့တွင် ဆေးထိုးခံလိုက်ရပြီးနောက် သေဆုံးသွားခဲ့သည်ဟု သိရသည်။
သေဆုံးသွားသည့် ကလေးမှာ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်မှ မိခင်ဒေါ်အငယ်မနှင့် ဖခင် ဦးစိတ်ကောင်းတို့၏သမီး မဖွေးဖွေးလှုပ် (အသားဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းလွန်းသည့်အတွက် ခေါ်ဝေါ်ကြသည့်အမည်) ဖြစ်သည်။
အဆိုပါကလေးမလေးမှာ မကြာခဏဆိုသလို ရင်ကျပ်နေ၍ ဇွန်လ ၈ ရက်တွင် တောင်ကုတ်ပြည်သူ့ဆေးရုံကြီးသို့တက်ရောက်ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ ဇွန်လ ၉ ရက် နေ့လယ် ၃ နာရီခန့်တွင် သူနာပြုတစ်ဦးက ဆေးထိုးပေးလိုက်ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်သားများက ပြောသည်။
အမည်မဖော်လိုသည့် ကံပိုင်ရပ်ကွက်မှအမျိုးသမီးတစ်ဦးက " သူနာပြုတစ်ဦးက ဆေးထိုးတဲ့အခါ ဆေးက ထက်ဝက်လောက်ပဲ ဝင်သေးတယ်။ ကလေးကတအားငိုပြီးတော့ ရင်ဘတ် ကွတက်သွားတယ်။ ဒီလိုဖြစ်နေတာတောင် သူနာပြုက ထိုးနေတဲ့ဆေးကို ပြန်မနှုတ်ဘဲ အပြီးထိုးလိုက်တယ်။ ဆေးထိုးပြီးတော့ ခဏလေးပဲ ကြာတယ်။ ကလေးမလေးက အသက်လုံးဝမရှိတော့ဘူး။ အဲတော့ ဆရာဝန်ကြီးတွေ ရောက်လာပြီးတော့ ကလေးရဲ့ရင်ကိုဖိတယ်။ ဆေးရုံမှာက ကလေးပါရဂူက ခရီးလွန်နေတယ်လို့ပြောတယ်။ နှာခေါင်းတွေကို မှုတ်တယ်။ ဒါပေမဲ့ ကလေးက မရတော့ဘူး" ဟု ပြောသည်။
ဆေးရုံတာဝန်ရှိသူများက သေဆုံးသွားသည့်ကလေးငယ်မှာ ဆေးထိုးခံနေစဉ် အဆုတ်ပွနေသည့်အတွက် ယခုလိုသေဆုံးသွားခြင်းဖြစ်ပြီး ယခုသေဆုံးမှုမှာ ဆေးရုံနှင့်မသက်ဆိုင်ကြောင်းပြောဆိုကာ မိဘများက ခံဝန်လက်မှတ်ရေးထိုးခဲ့ရသည်ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
"ကလေးက သူတို့ဆေးထိုးလိုက်လို့ဆုံးသွားတာ မဟုတ်ဘူးပေါ့။ ကလေးငယ်က အဆုတ်ပွနေတဲ့အချိန်ဖြစ်နေလို့ ဆုံးသွားတာဆိုပြီးတော့ ဆေးထိုးတဲ့သူနာပြုက ပြောသေးတယ်။ မိဘတွေကလည်း ဆုံးသွားတာက ဆေးရုံနဲ့မဆိုင်ဆိုတာကို လက်မှတ်ရေးထိုးခိုင်းလို့ လက်မှတ်ထိုးခဲ့ရတယ်"ဟု ဆိုသည်။
ယခုလိုသေဆုံးသွားခြင်းနှင့်ပတ်သက်၍ မိဘများက လက်မှတ်ရေးထိုးခဲ့ရသည့်အတွက် တိုင်တန်းမှုများပြုလုပ်လျှင် ဆေးရုံနှင့်ပြဿနာဖြစ်မည်ကိုစိုးရိမ်၍ မည်သည့်တိုင်တန်းမှုများမှ မပြုလုပ်ချင်ဖြစ်နေကြကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။
"ကျွန်မအခုလိုပြောရတာက မိဘချင်းကိုယ်ချင်းစာလို့။ ကလေးက အရမ်းချစ်စရာကောင်းတာ။ မိဘတွေကတော့ တချိန်လုံးငိုနေကြတယ်။ ကလေးကိုတော့ အိမ်ကိုမယူကောင်းဆိုလို့ အဲဒီကနေပဲ မီးသင်္ဂြိုဟ်လိုက်တယ်"ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့ပြည်သူ့ဆေးရုံကြီးအုပ်ကြီး ဒေါက်တာထွန်းလှဇော်နှင့် လက်ထောက်ဆရာဝန်ကြီး ဒေါက်တာဇင်အောင်လင်းတို့ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်းမရှိခဲ့ပါ။
ဆက်လက်ပြီး နိရဥ္စရာသတင်းဌာနက တောင်ကုတ်ဆေးရုံမှ OG ဆရာမတစ်ဦးကို ဆက်သွယ်ခဲ့ရာ သူမအနေဖြင့် အဆိုပါကိစ္စကို မသိရှိလိုက်ကြောင်း ပြောဆိုသည်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကို ဆက်သွယ်ခဲ့သော်လည်း အလုပ်များနေ၍ နောက်မှ အေးဆေးပြန်ဆက်ပါဟု ဆိုသည်။ (NN-11)

ဆက်စပ် သတင်းများ