သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ရှေးဦးပြုစုခြင်းဘာသာရပ်များကို အခမဲ့သင်ကြားပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ ဇွန် ၁၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က မြို့နယ်လှုမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများကို ရှေးဦးပြုစုခြင်းဘာသာရပ်များအား အခမဲ့သင်ကြားပေးခဲ့သည်ဟု သိရသည်။
ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်လှုမှုဝန်ထမ်းဦးစီးဌာနရုံးတွင် သင်ကြားပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သင်ကြားရာတွင် ရှေးဦးပြုစုနည်း၊ အနာအမျိုးအစားများ၊ အရိုးကျိုးနည်း (အပိတ်ကျိုးနည်း၊ အပွင့်ကျိုးနည်း)၊ ကလေးငယ်များအစာနင်နေလျှင် အရေးပေါ်အသုံးပြုနည်းများ၊ နှလုံးနှင့်အဆုတ်ကိုပြန်လည်းနှိုးဆွပေးနည်းများကို သင်ကြားပေးခဲ့ရသည်ဟု သင်တန်းပြရာတွင်ပါဝင်သည့် ကျောက်ဖြူကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ကြပ်မှူး ကိုဝင်းနိုင်ထွန်းက ပြောသည်။
"ကျွန်တော်တို့ကို လှုမှုဝန်ထမ်းဦးစီးရုံးကသင်တန်းပြဖို့ဖိတ်ခေါ်လို့ သွားပြရတာပါ။ သူတို့မေးတဲ့အရာတွေကိုဦးစားပေးပြီးသင်ပေးပါတယ်။ ရှေးဦးသူနာပြုနည်းတွေပေါ့။ အဓိကတော့ နှလုံးနဲ့ အဆုတ်ကိုပြန်လည်းနှိုးဆွပေးနည်းတို့၊ ကလေးတွေပါးစပ်ထဲ ဂေါ်လီလုံးမတော်တဆဝင်သွားတာမျိုး၊ အစားတစ်ခုခုနင်နေတာမျိုးတွေကို ရှေးဦးကုနည်းလမ်းနဲ့သင်တန်းပြခဲ့ရပါတယ်"ပြောသည်။
အဆိုပါသင်တန်းကို ကျောက်ဖြူမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူးကိုဝင်းနိုင်ထွန်းနှင့် တပ်ကြပ်မှူး ကိုနေလင်းထွန်းတို့နှစ်ဦးက သင်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၃ဝ ဦး တက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။
ဤကဲ့သို့သင်တန်းများကို ယခင်က ရပ်ကွက်၊ ကျေးရွာများက ဖိတ်ခေါ်ခဲ့၍ သွားရောက်ပြသခဲ့ရပြီး မိုးရာသီကာလ ရေဘေးကယ်ဆယ်ရေးများတွင်လည်း သရုပ်ပြသင်တန်းများကို ပြသခဲ့ရသည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ