ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ယခုနှစ် သွေးလွန်တုတ်ကွေးဖြစ်ပွားသူဦးရေ ၇ဝဝ ကျော်အထိရှိ၍ ယခင်နှစ်ထက်များပြားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၇ဝဝ ကျော်အထိရှိနေ၍ ယခင်နှစ်ထက် ဖြစ်ပွားမှုများပြားလာနေသည်ဟု သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၂ဝဝ ကျော်သာရှိခဲ့သည်ဟု သိရသည်။
ယခုနှစ်အတွင်း ယမန်နေ့ ဇူလိုင်လ ၁၇ ရက်အထိ ရခိုင်တစ်ပြည်လုံးတွင် ၇၂ဝ ဦးအထိဖြစ်ပွားလာနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
"ဒီနှစ်တော့ ရခိုင်ပြည်မှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်သူ ဒီလ ဇူလိုင်လ ၁၇ ရက်နေ့အထိ ၇၂၀ ဦး အထိရှိတယ်" ဟု ပြောသည်။
အဆိုပါသွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုသည် နေ့ခင်းဘက်တွင်ကိုက်သည့် ခြင်ကျားဟုခေါ်သော ခြင်ကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့တွင် ရောဂါအဖြစ်များကာ လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်ဟု သိရသည်။
ရောဂါကူးစက်ခံရပါက ၂ ရက်မှ ၇ ရက်အထိ အဖျားပြင်းထန်ခြင်း၊ ပျော့အန်ခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် အနီစက်များပေါ်ခြင်းနှင့် ခြေလက်များအေးစက်ခြင်းစသည့် လက္ခဏာများပြလေ့ရှိကြောင်း သိရသည်။
ထိုသို့ ခြင်ကြောင့်ဖြစ်သည့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် ကလေးများကို ခြင်ထောင်ဖြင့် လုံလုံခြုံခြုံထားရန်လိုအပ်ပြီး ခြင်ကိုက်မခံရအောင်ထားရန်လည်း လိုအပ်သည်ဟု သိရသည်။
အလားတူ မိဘများအနေဖြင့်လည်း မိမိအိမ်နားရှိရေအိုင်များတွင် ခြင်ပေါက်ဖွားမှုမရှိရအောင် ရေအိုင်များမတင်စေရန်ပြုလုပ်သင့်ကြပြီး ဘုရားပန်းအိုးများ၊ ညောင်ရေးအိုးများကိုလည်း ၃ ရက်ခြားတစ်ကြိမ် လဲလှယ်သင့်သည်ဟု ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
"ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိမ်နားမှာရှိတဲ့ရေအိုင်တွေကို မိုးရွာရင် ရေမတင်ရအောင်၊ ရေစီးရေလာကောင်းအောင်တော့ လုပ်ထားတယ်။ ကျန်းမာရေးဌာနတွေကတော့ ဘာမှလုပ်ပေးတာတော့ မရှိဘူး"ဟု ပြောသည်။
ရခိုင်တွင် ယခင်နှစ်များထက် ယခုနှစ်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုများပြားလာ၍ မပေါ့ဆကြဘဲ ဂရုတစိုက်ဖြင့် ကာကွယ်ပြီးနေထိုင်သင့်သည်ဟုလည်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ရခိုင်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အလားတူ ၂၀၁၉ ခုနှစ်ကလည်း ရခိုင်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၁၈၀၈ ဦးနှင့် သေဆုံးသူ ၈ ဦးအထိရှိခဲ့သည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ