သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေတွင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နိုင်ရေး တစ်မြို့လုံးအနှံ့ ခြင်သတ်ဆေး အခမဲ့ဖြန်းပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဥ္စရာ၊ ဇူလိုင် ၁၉/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သွေးလွန်တုတ်ကွေးရောဂါကို ကာကွယ်နိုင်ရန်အတွက် တစ်မြို့လုံးအနှံ့ ခြင်သတ်ဆေးများကို အခမဲ့ဖြန်းပေးနေသည်ဟု သိရသည်။
ဇူလိုင်လ ၁၇ ရက်မှစတင်ကာ စစ်တွေရှိ အေးငြိမ်းဆေးရုံမိသားစုနှင့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းတို့က ပူးပေါင်း၍ အလှူရှင်များ၏ထည့်ဝင်ငွေများဖြင့် ရပ်ကွက်များအတွင်းရှိနေအိမ်များ၊ ရေမြောင်းများတွင် ခြင်သတ်ဆေးဖြန်းပေးခြင်းနှင့် "အဘိတ်"အမည်ရှိ ပိုးလောက်လန်းသေစေနိုင်သည့်ဆေးမှုန့်များကိုလည်း ရေတွင်းများ၊ ရေတိုင်ကီများတွင် ခတ်ပေးခြင်းတို့ကိုပြုလုပ်ပေးလျက်ရှိနေသည်ဟု သိရသည်။
ဇူလိုင်လ ၁၇ ရက်တွင် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ကိုစတင်ကာ ဆေးဖြန်း၊ ဆေးခတ်ပေးခဲ့ခြင်းဖြစ်ပြီး နောက်နေ့များတွင်လည်း အခြားရပ်ကွက်များတွင် ဆက်လက်ပြုလုပ်ပေးသွားမည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုလင်းလင်းက နိရဥ္စရာကိုပြောသည်။
“လုံးဝကြီး အပြီးအပိုင်ကာကွယ်ဖို့တော့ မလုပ်နိုင်ဘူးလေ။ ဒါပေမဲ့ အတတ်နိုင်ဆုံး လူ ၁ဝဝ လောက်ဖြစ်နေရင် ရဝ လောက်ဖြစ်မလား။ ၆ဝ လောက်ဖြစ်မလား။ အတတ်နိုင်ဆုံး လျော့သွားဖို့ရည်ရွယ်ချက်နဲ့လုပ်ရတာဖြစ်ပါတယ်”ဟု ကိုလင်းလင်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်က သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၃ဝဝ ဦးခန့်သာရှိခဲ့သော်လည်း ယခုနှစ်တွင် ဇူလိုင်လ ၁၇ ရက်အထိ လူဦးရေ ရဝဝ ကျော်အထိ ကူးစက်ဖြစ်ပွားမှုမြင့်တက်နေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရခြင်းသည် ခြင်ကြောင့်ဖြစ်သည့်အတွက် ခြင်အကိုက်မခံရအောင်နှင့် ခြင်မပေါက်ပွားရအောင် ကာကွယ်မှုများပြုလုပ်ထားသင့်သည်ဟုလည်း စစ်တွေမြို့ခံ ဒေါ်ဆန်းဆန်းမှုံက ပြောသည်။
"အိမ်မှာ ရေတွေကိုသန့်ရှင်းအောင်ထားတယ်။ ခြင်မပေါက်ပွားရအောင် အိမ်နားမှာဆေးတွေဖြန်းထားတယ်။ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားစေတဲ့ခြင်ကလည်း ၁၂ နာရီကနေ ၄ နာရီကြားမှာ ကိုက်တဲ့ခြင်တွေကြောင့်ဖြစ်တာမို့ အဲ့ဒီအချိန်မှာ အဓိကထားပြီးတော့ ခြင်မကိုက်ရအောင် ကာကွယ်ရတယ်။ ကျန်းမာရေးဌာနကပေးထားတဲ့ ဆေးတွေကို ရေထဲမှာထည့်ပေးထားတယ်"ဟု ပြောသည်။
စစ်တွေတွင် ယခုကဲ့သို့ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နိုင်ရန် ဆေးဖြန်း၊ ဆေးခတ်ပေးသူတို့က ဆေးဖြန်း၊ ဆေးခတ်ပေးခဲ့သည့် ရေတွင်း၊ ရေကန်များနှင့် ရေဘူးများမှရေများကို ချက်ချင်းမသုံးရန်၊ နာရီဝက်(သို့မဟုတ်) တစ်နာရီခန့်ကြာမှသာသုံးရန်၊ ကလေးသူငယ်များကို ညနေဝင်လျှင် ခြင်ထောင်အတွင်းနေခိုင်းရန်၊ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားလျှင် ကလေးသူငယ်များအသက်ဆုံးရှုံးနိုင်၍ အိမ်ဘေးနားရှိ ရေအိုင်များနှင့် ချိုင့်ခွက်များတွင် မိုးရွာလျှင် ရေမတင်ကျန်စေရန် ရေစီးမြောင်းဖောက်ကာ ခြင်အန္တရာယ်ကာကွယ်ကြရန် စသည့် ပညာပေးပြောဆိုခြင်းများလည်း ပြုလုပ်ပေးလျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ရခိုင်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အလားတူ ၂၀၁၉ ခုနှစ်ကလည်း ရခိုင်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၁၈၀၈ ဦးနှင့် သေဆုံးသူ ၈ ဦးအထိရှိခဲ့သည်ဟု သိရသည်။ (NN-12)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ